Wednesday, February 29, 2012
ပထမဒဏ်ရာကို ဖျောက်ဖျက်ဖို့ ကိုယ့်ဘာသာကိုယ် ဒုတိယဓါးချက်တင်ခဲ့တယ်။ အခုနာကျင်နေတာ ဘယ်ဒဏ်ရာကလဲလို့ ပြောဖို့တော့ခက်သားပဲ။ လူဖြစ်ခြင်းထဲက အချိန်ကာလကြီးတခုလုံးက ကပ်ရောဂါပဲ။ ဒီတော့… သစ်ရွက်တွေ တဖွဲဖွဲကြွေချိန်ကြီးမှာ တယောက်တည်း လမ်းလျှောက်မထွက်ဖြစ်ဖို့၊ ကြယ်တွေလင်းနေတာကို အမှတ်တမဲ့ငေးမကြည့်မိဖို့၊ ငေးမိရင်လည်း ဘာမှမတွေးမိဖို့ ဒီလို သေလောက်တဲ့ အသေးအမွှားတွေကို အရေးထားနေရတယ်။ လူနာတွေဆိုတာလဲ လက်ပေါက်ကတ်တယ်မဟုတ်လား မတည့်တာကိုမှ စားချင်ကြတာကိုး။ နွေဦးစ တာနဲ့ ခေါင်းထဲမှာ ပရစ်တွေမြည်တယ် ဖုန်တွေ ထတယ်။ ဒီမှာ ဆယ်စုနှစ်တခုလုံးမှာ ပထမဆုံးအကြိမ်အဖြစ် ငါအံ့အားသင့်ရလောက်တဲ့စကား တခွန်းလောက် ပြောပြစမ်းပါ။ အိုမင်းခြင်းဆိုတာ အရေပြားက စတာမဟုတ်ဘူး … မိုးလောက်ကြီးငြီးငွေ့နေပါတယ်။
အလုပ်ထဲမှာတုန်းက တကျွန်းလုံးကိုမုန်းတယ်။ စာသင်ခန်းထဲမှာ တောင်တန်းတခုလုံး ပင်လယ်တကွေ့လုံးကိုမုန်းတယ်။ ဘယ်သူ့ထမင်းစားထားလို့ ပြုံးပြနေရ ဦးမှာလဲ။ ဟယ်လို… ဒီမှာ ငါအချိန်ဖြုန်းဖို့ ရောက်နေတာပါ။ လူဖြစ်ရတဲ့ အဓိပါယ်ကို ငြင်းနေကြသေးတယ် သူများခေါ်လို့ ရောက်လာကြတဲ့ လူချင်းတူတူ လေးနက်ဟန်ဆောင်ပြလိုက်တာနဲ့ သိက္ခာနှစ်ပြားဖိုးပိုတက်လာမှာမို့လား။ ဘ၀ကြီး ပျင်းစရာကောင်းတာ ဟုတ်ပါတယ် ဒီအတွက်နဲ့တော့ သီအိုရီတွေ လျှောက်ထုတ်စရာမလိုပါဘူး။ မနိုင်ပဲနဲ့ ပဲကြီးဟင်းစားချင်နေပြန်ပါပြီ လေထုတွေ ညစ်ပတ်လာပြီ။ ဒီတော့ကာ… ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆိုတာကြီးပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေး ဆိုတာကြီးပဲ ဖြစ်ဖြစ် ခေါင်းစဉ်ကောက်တပ်ပြီး ကိုယ့်ပါးစပ်ကိုယ်ပိတ်ထားလိုက်ကြစမ်းပါ။
အတွေးမစပ် တွေးရဦးမယ်။ အချစ်ဆိုတာ ဒင်္ဂါးတပြားလိုပဲ မျက်နှာနှစ်ဖက်နဲ့။ တဖက်မှာ တွယ်တာပါတယ် ယုယပါတယ် နွေးထွေးပါတယ် ငုံထားမတတ် ဖတ်ဖတ်မောအောင် တပ်မက်ပါတယ် အဲဒါတွေ မြင်နေရလည်း နောက်တဖက်မှာ အတ္တကြီးက ကပ်ပါနေတယ်မဟုတ်လား။ အတ္တတွေကိုပဲ မြင်နေရတဲ့နေ့ရက်တွေမှာလဲ ဟိုတဖက်မှာ ထွေလီကာလီတွေက မဏ္ဍပ်တိုင်တွေတက်။ အချစ် အချစ် အချစ်… အဲဒီရောဂါဆိုးကြီးအတွက် ဆေးမြီးတိုက အိမ်ထောင်ပဲ။ အိမ်ထောင်ပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက ယောက္ခမပဲ။ အဲဒါကြောင့်လဲ လူကြီးတွေက ကျန်းမာဖို့အဓိကလို့ ပြောကြတာပဲ။
လူတွေ တခါတခါ ကိုယ့်ကံကိုယ်မျက်စေ့မှိတ် ယုံပစ်လိုက် ကြတာများ မနက်ဖြန်၊မနက်ဖြန်နဲ့ future planတွေအူယားဖားယား။ ဒီတညတောင် ကောင်းကောင်းအိပ်မပျော်ဘူး နောက်တညရော ဘာပိုထူးမှာကျရော။ မှတ်ညဏ်တွေကို ရှင်းထုတ်ပစ်ဖို့ ကိုယ့်ခေါင်းကို ပစ်ခွဲလိုက်ရင်ကောင်းမလား။ ခဏခဏ စဉ်းစားတယ် ခဏခဏခေါင်းမကိုက်ချင်တော့ဘူး။ ဒါပေမယ့် ခဏခဏစဉ်းစားတယ်။ တကယ်က ဘ၀ဆိုတာ ထွက်ပေါက်မရှိတဲ့ ကာစီနိုထဲ မောင်းသွင်းပြီး ကစားခိုင်းတာ ခံရသလိုပဲ လူများတယ်၊ အနိုင်အရှုံးကို ခပ်ပေါပေါသတ်မှတ်တယ်၊ ညစ်ပတ်တယ်၊ ပြီးတော့ ဆူညံတယ်။ လိုတာထက်ပိုပြီး ဆူညံတယ်။ ဘယ်သူမှ ကိုယ့်ခေါင်းကိုယ် ပစ်ခွဲလိုက်ဖို့ သတိမရကြဘူး။ ဒီလိုပြောတာ လူ့ဘ၀ကို စက်ဆုပ်ရာကျလွန်းပါတယ်။ တကယ်တော့မဟုတ်ရပါဘူး။ တခြားလုပ်စရာမရှိမယ့်တူတူ ဟောဒီမှာ သာမန်ကစားသမားတွေထက်သာကြောင်း ဥာဏ်ပညာကြီးရင့်မှုကိုပြဖို့ သံဝေဂအတုတွေနဲ့ ဟန်လုပ်နေကြပါတယ်။ အတုတွေ ဟန်လုပ်ရလွန်းလို့ အရှက်စစ်စစ်ဆိုတာ ဘယ်လိုရှက်ရမှန်းတောင် ဘယ်သူမှမသိတော့ဘူး။