ညစ်တီးညစ်ပတ် လူသိုက်

Monday, November 21, 2011

လွတ်မြောက်သွားသူတွေအကြောင်း မတွေးမိအောင်နေတယ်
နားကို မလည်နိုင်ဘူး။
ခပ်မြှောက်မြှောက်နေဖို့ ကြိုးစားတယ် ဒရွတ်ဆွဲကြိုးစားတယ်
မည်သို့လုပ်လိုက်သည်မသိဆိုတဲ့ သိုင်းဝတ္ထုထဲကစကား ကြိုက်တယ်။
ရေလောင်းပေါင်းသင်မလုပ်ခဲ့ပဲ အရွက်ကြွေခါမှ လက်ညိုးထိုးနေပြန်တယ်
ခပ်ပြုံးပြုံးလုပ်နေရတယ်ဆိုတာ အပျော့စားသရော်ချက်ပဲ
မောတယ်။ ဒါပေမယ့် မထိရောက်ဘူး။

ငါ့အတွေးတွေ မအားဘူး
ထိုက်တန်တယ်ထင်လို့ အကုန်ချပေးလိုက်မှဖြင့် ၀က်စားစား ခွေးကိုက်ကိုက်
ငါကိုယ်က မိုက်ချင်တော့
အကြွေအအမ်း မရှိလို့ အတန်ကြီးလှူလိုက်ရတဲ့ လက်လုပ်လက်စားလို
သန်းခေါင်ယံကြီးမှာ အံတကြိတ်ကြိတ်
လူဖြစ်ရတာ တယ်မနှိပ်ပါဘူး။
လူစိတ်ကလေး တပဲသားပြပြီး အ,ကုသိုလ်အတုံးကြီးတက်။

တချို့လူတွေက
သားရှေ့မှာ ချွေးမကိုချစ်ပြတဲ့ ယောက္ခမတွေလိုပဲ
ခုဖြူလိုက် ခုပြာလိုက်
ဟော... ခုကြိုက်တယ် ခုမုန်းတယ်နဲ့ လာနောက်နေပြန်ပြီ
ရယ်လဲမရယ်ရဘူး။

နိုဝင်ဘာ ၂၀ရက်နေ့

Sunday, November 20, 2011

တပုံကနေ တပုံကူးရတဲ့ လောက်ကောင်လို
အခြေအနေတွေ ကာလာပြောင်းပေမယ့် အနံ့ဟောင်းတွေရနေတုန်းပဲ
ဟိုမှာ တယောက်
အကန်းတွေကို မျက်လုံးကျယ်ကျယ်ဖွင့်ကြည့်ဖို့ ဟောနေရင်းပျံတော်မူရှာ
ကျန်တာတွေအကုန် ဒုံရင်း။

မိုးရေထဲမှာရော မွန်းတည့်နေအောက်မှာရော တယောက်ထဲလျှောက်ခဲ့တယ်
တယောက်ထဲလျှောက်ဦးမယ်
ဒါတွေအကုန် ရင်ဆိုင်ဖို့
သတ္တိရှိစရာမလိုဘူး ချောင်ပိတ်ခံရဖို့ပဲလိုတယ်
ရိုက်တတ်ရင် ရုပ်ရှင်တောင်ဖြစ်နိုင်သေး။

သူငယ်ချင်း သူငယ်ချင်းနဲ့ နင်အတင်းပြောတဲ့ဖိုင်တွေ ငါ့ဆီရောက်လာတယ်
သူငယ်ချင်း သူငယ်ချင်းနဲ့ မပျော်ပဲ ချော်လဲရောထိုင်လုပ်တတ်ကြပြီ
သူငယ်ချင်း သူငယ်ချင်းနဲ့ ဘီယာပုလင်းလို ဈေးပေါပေါ အမြုပ်တစီစီ
သူငယ်ချင်း သူငယ်ချင်းနဲ့ ပေါ်ပင်တွေကြား တဟားဟား
သူငယ်ချင်း သူငယ်ချင်းနဲ့ နင့်နံမည်ရင်းတောင် ငါမေ့နိုင်ပြီ

ခေတ်ပညာဆိုတာ တောင်ထိပ်တခုရောက်သွားတိုင်း ရောက်သွားတိုင်း
မိန့်မိန့်ကြီးနဲ့ ကျေးဇူးတင်ခံဖို့ စောင့်နေတဲ့သူတွေကို ထုံပေပေ ကြည့်တတ်ရမယ်
ခေါင်းတညိမ့်ညိမ့်လုပ်ရင်းကလဲ နှလုံးမသွင်းပဲနေတတ်ရမယ်
သူတော်ကောင်းတရား ဟောကြားခွင့်လိုင်စင်ကို ခွေးသူခိုးများမှတ်ပုံတင်ထားတယ်
မျက်လုံးဖွင့်ပြီးတော့လဲ အိပ်မက်ဆိုးတွေ မက်တတ်ရမယ်
မျက်လုံးမှိတ်ထားလဲ ဘ၀ဆိုတာကတော့ ထိုနည်းလည်းကောင်း
ပြီးတော့ အရှည်ကြီးရယ် ... ပြီးမပြီးနိုင်ဘူး

တော်ရုံ ၀ဋ်ကြွေးမျိုးလား
စက္ကန့်တံ ခုန်ချနေတာကြည့်ရင်း မိုးလင်းသွားတယ်။

နှစ်ချုပ်

Wednesday, November 9, 2011

နာကျင်နေတုန်း ခပ်ပြုံးပြုံးလုပ်ခဲ့သမျှ အခွင့်အရေးရခါမှ ဘာအဓိပ္ပါယ်ဆောင်မှန်းမသိတဲ့ အသံနဲ့အရောင် လှိုင်းအလျားတွေကို မျက်ရည်ကျပေးတတ်တဲ့သူ ဖြစ်မှန်းမသိဖြစ်ဖြစ်လာတယ်။ အနုပညာခံစားချက်ဆိုတာတွေကို အစာကြေဆေးလို အစားထိုးသုံးစွဲမိခဲ့တယ်။ မပြည့်ဝခဲ့တဲ့ တောင်းဆုတွေကို ဘယ်တုန်းကမှ တောင်းခဲ့တာမှမဟုတ်ပဲလို့ ဟန်လုပ်တတ်လာတဲ့ ၀ါရင့်အပျော်တမ်းသရုပ်ဆောင်ဖြစ်လာတယ်။

ဆွေမျိုးတော်စပ်မှု trauma တွေနဲ့ အခြား၆၀%သော မိန်းမတွေထဲက တယောက်သာဖြစ်တယ်။ အင်း ၇၀%လဲဖြစ်နိုင် ၈၀%လဲဖြစ်နိုင်တာပဲ။ ၉၀%ဆိုပိုနီးစပ်မယ်။ မိန်းမဖြစ်ရတာဟာ ပိုင်ရှင်ကိုနေ့တိုင်းရွှေတဥ ဥပေးတဲ့ငန်းတကောင်နဲ့ ပေါင်းသင်းနေထိုင်နေတဲ့ ငန်းမလိုပါပဲ။ လူလိုနားမလည်တတ်သူတွေကို လူတယောက်ရဲ့ အကောင်းဆုံးနားလည်မှုပေးဖို့ ငါ့လူဖြစ်မှုတွေပါ ပွန်းပဲ့ခံလိုက်ရတယ်။ တရေးနိုးလာရင် နာကျင်မှုသက်သာသွားပြီး အားအင်ပြည့်ဝခဲ့ဖူးတဲ့ ငယ်ဘ၀ကို အံ့အားသင့်မဆုံးချီးကျူးမိတယ်။ အစွမ်းကုန်စွန့်လွှတ်ခဲ့ပြီးတဲ့နောက် ကျေးဇူးတင်ဖို့တောင်းဆိုခံရတိုင်း မပျက်မကွက်ရယ်ချင်တယ်။ ထပ်ခါထပ်ခါ ထပ်ဖြစ်တယ် ထပ်ခါထပ်ခါ ရယ်ချင်တယ်။

ငါသေလို့ တစ္ဆေဖြစ်သွားရင် တရားမျှတမှုဆိုတာ ချစ်ခြင်းတရားလိုပဲ လိုရာဆွဲသုံးခေါင်းစဉ်တပ်ခံရတဲ့၊ ဘယ်တော့မှလူ့လောကမှာ တကယ်ရှိလာမှာမဟုတ်တဲ့၊ မကောင်းဆိုးဝါးတွေရဲ့ ပါးလုပ်ကျင်းခြင်းခံရဖို့ တညလုံးအေးစက်စက်စောင့်နေရတဲ့ ရေတခွက်သာသာပဲ ဖြစ်တယ်ဆိုတာကို လူအ ဒါမှမဟုတ် လူအဖြစ်ချင် ဟန်ဆောင်ပေးနေသူတွေကို ပြောပြဖို့ အဆက်မပြတ်ကြိုးစားမိမယ်။

ဟုတ်တယ် အရင်တုန်းကတော့ နောက်ဘ၀ကျ နိုဝင်ဘာမှနိုးထတဲ့ ပန်းတပွင့်ဖြစ်ချင်ခဲ့တာ။ ခုတော့ အဲဒီဆု တကယ်မတောင်းခဲ့ပေါင်လို့ ခပ်ပြူံးပြုံးပြောတတ်နေပြီ။ ဒဏ်ရာတွေ ပလပွနဲ့လဲ ကျေးဇူးတင်တတ်ပြီ အဖြစ်အပျက်တွေကို တခုမကျန် ဗလောင်းဗလဲ လုပ်ပြီး သူတော်ကောင်းလို့ဟစ်ကြွေးသူတွေကိုလဲ ဖက်လဲတကင်းလုပ်တတ်ပြီ။ ဘယ်လောက်ပေးပေး တောင်းမ၀နိုင်အောင် တောင်းတတ်သူတွေကိုလဲ သိပ်မအံ့သြပြဖို့ ကြိုးစားတတ်ပြီ။ ကိုယ်ချင်းစာတရားဆိုတာ တောင်းယူလို့လဲမရ တိုက်ယူလို့လဲမရဘူးဆိုတဲ့အကြောင်း ငါ့ကိုယ်ငါဖြောင်းဖျတတ်ခဲ့ပြီ။

သေခြင်းတရားဆိုတာကလဲ ဖိတ်ခေါ်တိုင်းမရကြောင်း သုံးနှစ်သုံးမိုးသင်ခန်းစာထဲမှာ အမှတ်ပြည့်ရခဲ့ပြီ။ ကံကောင်းလိုက်တာဆိုတဲ့ အသံကြားတိုင်း ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်တတ်တဲ့ ငါ့အသံကိုဘယ်ပြန်ညာပြန် ပစ်ရိုက်လိုက်ချင်တဲ့စိတ်နဲ့ ချဉ်တူးနေတဲ့အပေါစားအရက်ကို မူးပြီးရောဆိုပြီးမျိုချလိုက်မိတဲ့ လောကကြီးကို သနားစိတ်နဲ့ ။ ဘ၀ဆိုတာ ငါ့အပေါ်ဝီစကီပဲလောင်းပါ ကုတ်ပဲလောင်းပါလို့ တောင်းဆိုခွင့်မရှိတဲ့ ရေခဲတုံးလိုပဲ ငါးသေကောင်ပါးစပ်နားလဲ နေချင်နေရတာပဲမဟုတ်လား။ ငါကတော့ အေးစက်စက်ပဲ။ ဘာများထပ်လိုချင်သေးလို့တုန်း။