အိမ်ပြန်လမ်း

Thursday, November 25, 2010

ချိုးဖြူတွေဟာ ရင်ကြပ်နေတဲ့ သင်္ကေတတွေပါ
ကမ္ဘာကြီး တကယ်မငြိမ်းချမ်းဘူး
ဖဲကြိုးတွေနဲ့ အလှဲမထိုးနိုင်ဘူး ပန်းပွင့်တွေက လမ်းမဖွင့်ဘူး

အနှစ်သာရဆိုသည်မှာ... ကို ငြင်းနေကြတာနဲ့ပဲ
ကဲ... ဘယ်မလဲ အနှစ်သာရ

ထွေးပွေ့ထားတဲ့ကလေးကြီး အိပ်မောကျရအောင်
ခဏလောက်ပါးစပ်ပိတ် တိတ်ကြပါတော့
စိတ်မချရတဲ့ မနက်ဖြန်ဆိုတာထဲမှာ
နှစ်ခြိုက်စွာပြုံးပြီး နှိုးထလာပါ ကလေးရေ

ဖဲကြိုးတွေခေါက်ချိုးအရောင်ဆိုးလို့ ဖဲကြိုးတွေပြ ရှိတာချရောင်းနေတဲ့
ရင်ကြပ်ချိုးဖြူတွေမြင်ရသမျှမှာ
ရိုးသားမှုတွေဖောင်းပွနေပါတဲ့
အဲ့သလို ပရိုပိုဆယ်ဗလပွ ဈေးခေါ်သံတွေကြားရသမျှမှာ
နေ့တာတွေရှည်လျားတတ်လို့ အားအင်တွေလိုတယ်
အိပ်မက်တွေချိုမယ်ဆိုရင် ဒီလိုသာအိပ်စက်နေစမ်းပါ့
လျှောက်ရမယ့်လမ်းက လှမ်းသေးတယ် ကလေးကြီးရယ်...

အချစ်ကဗျာ ၂

Thursday, November 18, 2010

ဒီကဗျာက ကိုယ်ရေးကိုယ်တာ
ဘာသာပြန်ပေါ်မူတည်ပြီး
ရောင်ပြန်ဟပ်နေရတဲ့ တလောကလုံးက
နှမြောရက်နဲ့သုံးမရတဲ့ ရက်လွန်ကြက်ဥ

ပုရွက်ဆိတ်တက်နေတဲ့ မုန့်ကြွေအစအနများလို
အရေးအသားအတိုအစတွေကို ရှင်းလင်းလိုက်
လေပွေသယ်လာတဲ့ ဖုန်လုံးကြီးလို
ဆွေးနွေးငြင်းခုန်မှုတွေကို တံခါးပိတ်ထားလိုက်

ချစ်ခြင်းတရားရဲ့ကကြိုးတွေက
တို့နှစ်ယောက်ဥယျာဉ်ထဲက အော်ဂဲနစ်ဆလတ်ရွက်စိမ်းစိမ်းလေး
မနက်အလင်းတွေဟာ မြက်ခင်းပြင်ထဲက စကားဝှက်
တယောက်မျက်နှာမှာ တယောက်ပွင့်တဲ့ နေကြာပန်းများ
မိုးဦးဖားသူငယ်နှစ်ကောင်လို ဂီတကိုစားမြုံ့ပြန်ရင်း
ငြိမ်းချမ်းမှုဟာအဆုံးမရှိတဲ့သီချင်း

စိတ်အာရုံကင်းဗတ်စမှာ
လာထိတွေ့နေတဲ့ အလင်းအမှောင်များဟာ ချိုမြိန်မဆုံးတော့
ပြောဦး
ပြောဦး........
ငါဟာ ပန်းသီးစိမ်းပေါ်မှာ
ပြုံးရင်းအိပ်မက်နေတဲ့
လိပ်ပြာနက်တကောင်လား.......

အချစ်ကဗျာ ၁

Tuesday, November 2, 2010

သုံးနှစ်သုံးမိုးစပါယ်ပင်အကြောင်း အမေ့ကိုဖုန်းဆက်တယ်
စပါယ်ဖြူတွေ အမြဲပွင့်တဲ့ခြံထဲကနေ
အမေကတော့ ပြုံးနေသလား

နှင်းမှုန်တွေကို သယ်ဆောင်ပြီး
စွမ်းသမျှရမ်းကားလိုက်ပါ မြောက်ပြန်လေ
ဟိမ၀န္တာအစွန်ဖျားကနေ
တယောက်ခါးတယောက်ဖက် လေပြင်းကိုဆန်တက်ခဲ့ပြီးပြီ

ဘယ်မိုးမှုန်ခါးခါးက ဒီမြင်ကွင်းတွေကိုဝါးစေနိုင်သလဲ
ဟော်ကိုင်းဒိုးညတွေထဲ
တယောက်ပုံပြင်မှာတယောက်အိပ်မောကျ
တယောက်သောကကို တယောက်သန့်စင်စေခဲ့ပြီ

ဘယ်နွေညက ကန္တာရလို သံသယတွေတံလျှပ်ထစေနိုင်လဲ
ကော်လိုရာဒိုမြက်ခင်းများကြားမှာ
တယောက်ကိုတယောက် ကော်ဖီလိုသောက်သုံး
တယောက်ကိုတယောက် ပြုံးပြုံးကြီးကျရှုံးလိုက်ပြီ

ချစ်ခြင်းတရားကြားခံနယ်တခုထဲ
ဘ၀တွေဝေမျှ ရှင်သန်ခဲ့ကြပြီးမှ
လောကဓံဆိုတာ ဟာသပဲ

စပါယ်တွေဖူးပြီ နိုဝင်ဘာ
ကဲ... ချမ်းလိုက်စမ်းပါ ဆောင်းရယ်
စပါယ်ဖြူတွေပွင့်ဖို့ ရက်လေးဆယ်လိုတယ်