အချစ်ကဗျာ ၁

Tuesday, November 2, 2010

သုံးနှစ်သုံးမိုးစပါယ်ပင်အကြောင်း အမေ့ကိုဖုန်းဆက်တယ်
စပါယ်ဖြူတွေ အမြဲပွင့်တဲ့ခြံထဲကနေ
အမေကတော့ ပြုံးနေသလား

နှင်းမှုန်တွေကို သယ်ဆောင်ပြီး
စွမ်းသမျှရမ်းကားလိုက်ပါ မြောက်ပြန်လေ
ဟိမ၀န္တာအစွန်ဖျားကနေ
တယောက်ခါးတယောက်ဖက် လေပြင်းကိုဆန်တက်ခဲ့ပြီးပြီ

ဘယ်မိုးမှုန်ခါးခါးက ဒီမြင်ကွင်းတွေကိုဝါးစေနိုင်သလဲ
ဟော်ကိုင်းဒိုးညတွေထဲ
တယောက်ပုံပြင်မှာတယောက်အိပ်မောကျ
တယောက်သောကကို တယောက်သန့်စင်စေခဲ့ပြီ

ဘယ်နွေညက ကန္တာရလို သံသယတွေတံလျှပ်ထစေနိုင်လဲ
ကော်လိုရာဒိုမြက်ခင်းများကြားမှာ
တယောက်ကိုတယောက် ကော်ဖီလိုသောက်သုံး
တယောက်ကိုတယောက် ပြုံးပြုံးကြီးကျရှုံးလိုက်ပြီ

ချစ်ခြင်းတရားကြားခံနယ်တခုထဲ
ဘ၀တွေဝေမျှ ရှင်သန်ခဲ့ကြပြီးမှ
လောကဓံဆိုတာ ဟာသပဲ

စပါယ်တွေဖူးပြီ နိုဝင်ဘာ
ကဲ... ချမ်းလိုက်စမ်းပါ ဆောင်းရယ်
စပါယ်ဖြူတွေပွင့်ဖို့ ရက်လေးဆယ်လိုတယ်

5 Comments:

ရွှေဂျမ်း said...

ပြန်ရေးနေတာ ၀မ်းသာတယ်။ အရင် အချိန်တွေကိုလည်း လွမ်းပါတယ်။ အလွမ်းကဗျာတွေ ဖတ်ချင်ပါတယ်။း)

zurina said...

သုံးနှစ်သုံးမိုးစပါယ်ပင်လေးက စပါယ်ဖြူဖွေးဖွေးလေးတွေအများကြီးပွင့်ပါစေ။
နိုဝင်ဘာမှာ တစ်ခုခုရေးမယ်ထင်လို့ မျှော်နေခဲ့တာ..
ကဗျာလေးကချစ်စရာ ..
^_*

အမရာ said...

အရမ်းမိုက်တယ်..ဟန်နီ..

Mhu Darye said...

ချစ်ခြင်းတရားကြားခံနယ်တခုထဲ
ဘ၀တွေဝေမျှ ရှင်သန်ခဲ့ကြပြီးမှ
လောကဓံဆိုတာ ဟာသပဲ

စပါယ်တွေဖူးပြီ နိုဝင်ဘာ
ကဲ... ချမ်းလိုက်စမ်းပါ ဆောင်းရယ်
စပါယ်ဖြူတွေပွင့်ဖို့ ရက်လေးဆယ်လိုတယ်။။

ဘယ်တော့မှ ရိုးမသွားဘူး.....။
း)

htethtet said...

အခွင့်ကြုံရင်တော့ ဟန်နီစိုက်ထားတဲ့ပန်းပင်လေးတွေကိုလာကြည့်ချင်ပါတယ် ...=)