အတုရိုင်းရိုင်းတွေကြား တွားသွားနေရတဲ့ နေ့တွေ

Saturday, August 28, 2010

လူတွေ ယဉ်ကျေးလာတာနဲ့အမျှ ရောင်းဝယ်ဖောက်ကားမှုတွေ တိုးတက်လာတယ် တဲ့လေ... အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတဲ့လူကို ကြည့်ရင်း ရယ်ချင်လာတယ်။ လေအေးစက်ကအေးစက်လွန်းတယ်။ တက္ကသိုလ်ကြီးကြီးကထွက်လာတဲ့ ခေါင်းသေးသေးတလုံးဘေးနား ဗလာကျင်းနေတဲ့ခေါင်းတွေ ကြက်အစာကောက်သလို တဆတ်ဆတ်ငြိမ့်နေကြတယ်။ ဒါပဲလား။ ခပ်ပေါပေါ အတိုင်အဖောက်တွေ မခံစားနိုင်တော့ဘူး။

evaluation တခုအတွက် ရပ်ကွက်တခုက ဆေးခန်းလေးတွေကို သွားစောင့်ကြည့်နေရတဲ့နေ့တွေကို သတိရတယ်။ မဟုတ်ဘူး... အမှန်တော့ လမ်းထိပ်အုတ်ခုံရဲ့ မျက်စောင်းထိုးက ငါးပိဆိုင်ကို သတိရနေတာပဲ။ အင်း အတိအကျပြောရရင် အဲဒီမြောင်းပုပ်ပေါ်မေးတင်ထားတဲ့ အိမ်ဆိုင်လေးရဲ့ ငါးပိဇလုံနဲ့ ငရုတ်သီးမှုန့်ဇလုံကြားက ဂဏန်းပေါင်းစက်တလုံးကို သတိရမိတာပဲ။ ကြည့်စမ်း ဒီလောက်နံစော်နေတဲ့နေရာက ဆိုင်ကုပ်ကုပ်လေး ဘယ်လောက်လက်မလည်သလဲ ဂဏန်းပေါင်းစက်သေးသေးလေးနဲ့တောင် တွက်ချက်ယူရတယ်။ လူတွေ အပုပ်အစပ် မက်မောကြပုံများ...

စိတ်ထဲကနေတောင် အပုပ်နံ့တွေရလိုက်သလိုပဲ .. ရှေ့တည့်တည့်က ရေကန်ကိုငေးကြည့်ပြီး အာရုံကိုလွှဲလိုက်ရတယ်။ အဆောက်အဦတွေဆောက်ဖို့ တူးလိုက်တဲ့မြေတွေ လာပုံထားတဲ့နေရာမှာ တောင်ကုန်းကလေးတွေတောင် ဖြစ်နေပါလား... လူလုပ်တောင်ကုန်းပေါ့ ... တောင်ကုန်းလေးတွေပေါ်မှာမြူခိုးတွေဝေနေတယ်ထင်လိုက်တာ ဘယ်ဟုတ်မလဲ စီးကရက်မီးခိုးတွေကို ဖြတ်ပြီးကြည့်နေမိတာပဲ ထင်ယောင်ထင်မှားတွေ... ရေကန်ထဲကရေတွေကလဲ မနည်းကိုသွယ်ယူပြီး ကြိုးကြိုးစားစားထည့်ထားကြတာပဲ ကြည့်စမ်း ရေပိုက်တွေမှ မနည်းပါပဲလား။ အတုတွေပဲ ...

အားလုံး လုပ်ကြံထားတာပဲ ယိုသူမရှက် မြင်သူရှက်တယ် ဟုတ်တယ် ငါပဲ ရှက်ပေးလိုက်တော့မယ်... နေထိုင်ရတာပင်ပန်းတယ်။ တော်တော်ပင်ပန်းတယ၊် ငြီးငွေ့တယ်၊ ခံတွင်းချဉ်တယ်။ အားနာစိတ်တခုနဲ့ ထွီကနဲထွေးချင်စိတ်တွေကို ထုပ်ပိုးထားတယ်။ အားနာတယ်ဆိုတာ ကြောက်စိတ်ပဲလို့ ငါပြောခဲ့တယ်။ အနာပေါ်တုတ်ကျ ဒေါသတွေအတွက် ငါဖြေဆေးမပေးတတ်ဘူး။ လေးလံတယ်။

ငါးပိဇလုံနားကဂဏန်းပေါင်းစက် ငါ့ကိုမတွက်ချက်ပါနဲ့။ ငါ့ကို ကိန်းဂဏန်းနဲ့အစားမထိုးပါနဲ့။ ညီမျှခြင်းမချပါနဲ့။ လူတွေဟာ ဘယ်အခါမှ လူဖြစ်ခြင်းကို ငြင်းဆန်ကြသလဲ။ လူကို လူလို မမြင်တဲ့အခါလား။ ကိုယ်တယောက်ထဲ ကိုယ်တစုထဲကသာလူလို့ မြင်တဲ့အခါလား။ လူတယောက်ရဲ့ အတ္တဟာ တခြားဘာကိုမှရှင်သန်ခွင့် မပေးနိုင်လောက်အောင် ကြီးထွားထက်သန်တတ်သလား။ အဖြေတွေကို ကြိုမျှော်လင့်တယ် ရသမျှအားလုံးကို တန်ဖိုးချလိုက်ကြတယ်။ တွက်ကြည့်လိုက်တော့ ဘာအဖြေထွက်သလဲ။ လူသေရင် ငါးပိတဆယ်သားလောက်တောင်မှ မတန်ပါပဲကလား ဘာလို့ပင်ပန်းတကြီးတွက်ကြသလဲ။

အရာရာကို ကုန်ပစ္စည်းအဖြစ်ပြောင်းလိုက်နိုင်ပြီ လူတွေဂုဏ်ယူနေကြတယ်။ သံတမန်ဆန်တယ်၊ ကုန်သည်ဆန်တယ်၊ ကြေးစားဆန်တယ်၊ စစ်ရေးသွေးတိုးစမ်းမှုဆန်တယ်၊ အလုအယက်ပဲ ရောင်းတန်းဝင်ဖို့ ပုပ်စပ်ပစ်လိုက်ကြတယ်။ အရှိန်အဟုန်က ကူးစက်ရောဂါသယ်ဆောင်လာတဲ့ အနံ့အသက်လို ပြင်းထန်တယ်။

လူပီသမှုရဲ့ ရန်သူဟာ လူပဲ။ ချစ်ခြင်းတရားရဲ့ရန်သူဟာ လူပဲ။ အစကတည်းက အကောင်းဆုံးကိုပေးခဲ့ပြီးပြီ။ ကဲ... ငန်းကို ရင်ခွဲသတ်လိုက်ကြတော့။ ။


4 Comments:

Mhu Darye said...

ဒါပဲလား။ ခပ်ပေါပေါ အတိုင်အဖောက်တွေ မခံစားနိုင်တော့ဘူး။
ခပ်ပေါပေါ အတိုင်အဖောက်တွေ မခံစားနိုင်တော့ဘူး။
ခပ်ပေါပေါ အတိုင်အဖောက်တွေ မခံစားနိုင်တော့ဘူး။

အစကတည်းက အကောင်းဆုံးကိုပေးခဲ့ပြီးပြီ။ ကဲ... ငန်းကို ရင်ခွဲသတ်လိုက်ကြတော့။ ။

How long has it been we haven't chat?
I feel sorry that you're too busy to keep contact with online friends.
Perhaps treated as not important?
Anyways,I am remembering you.
;)

နွေဆူးလင်္ကာ said...

ဟုတ်တယ် ... ငန်းကိုသာ ရင်ခွဲသတ်ပြီး ချက်စားလိုက်ကြတော့ ..

zurina said...

အစကတည်းက အကောင်းဆုံးကိုပေးခဲ့ပြီးပြီ။ ဟုတ်ပ .ဟန်နီမမ ..ပို့စ်အဟောင်းထဲက အဘိုးကိုပြောချင်တဲ့စကားလေးသွားသတိရတယ်...အဘိုးရေ.စိတ်ကောင်းကိုပေးတယ်။သူတို့မရကြဘူးဆိုတာ...... အဆင်ပြေပါစေကွယ်။

အမရာ said...

အလွမ်းပြေလေးပေါ့..
ကောင်းပါ့..
ဘယ်တွေပျောက်နေသလဲကွာ...။။။