Tuesday, June 8, 2010
ပိန်ကျစ်ကျစ်နဲ့ ဆတ်စလူးဆက်ရက်တွေ မြူးတတ်တဲ့
ကော်ရစ်ဒါ စပ်ကူးက မြက်ခင်းစိမ်းစိမ်းတွေမှာ
အရင်းတွေက အဖျားတက်ဖြစ်လာ အဖျားတွေက မြက်ရိတ်စက်ထဲပါသွား
နှစ်ပေါင်းများစွာဝေးကွာသွားပြီးတဲ့နောက်
မနေ့ကမှ ထွက်ခွာခဲ့သလို နာကျင်မြဲနာကျင်စွာ ပြန်ရောက်လာပြီးနောက်
ဒီခြေထောက်အောက်ကမြက်တွေဟာ ဟိုတခါက မြက်ပင်တွေပါလို့ ထင်မှတ်မှား
ငယ်ဘ၀နေ့ရက်တွေလို
သံချေးတက်သွားပြီဖြစ်တဲ့ ရေပန်းများအောက်မှာ
တစုံတယောက် မေ့လျော့ထားခဲ့တဲ့ သောက်လက်စကော်ဖီခွက်ထဲမှာ
မှတ်ပုံတင်နံပါတ်ကလွဲလို့ ဘာမှမမေးတတ်ခဲ့တဲ့ လုံခြုံရေးတဲပြာလေးရှေ့မှာ
အရူးဆောင်တခုလုံး တပြိုင်နက်ထအော်သလို အလန့်တကြားပွင့်တတ်တဲ့ ပိတောက်ပင်တန်းတွေကြားမှာ
ကျောက်ခင်းလမ်းဖြစ်သွားတဲ့ ဖုံထူထူမြေလမ်းလေးရဲ့ ခြေရာတွေကြားမှာ
ဘယ်သူကမှပြန်တောင်းမဆိုတဲ့ ပျောက်ဆုံးပစ္စည်းတွေလို
မှတ်မိခြင်းတွေကို သတိရခြင်းတွေကို လွမ်းဆွတ်ခြင်းတွေကို အရာရာကို
မေ့လျော့ထားရစ်ခဲ့ကြ၊ ထားခဲ့ကြရ။
နောက်ဖက်ကိုလှည့်ကြည့်လိုက်တိုင်း ဘာမှမတွေ့ရပေမယ့်
ဘာမှရှိမနေတာကိုပဲ ကြောက်နေမိတာလား
ဟိုး နှစ်ပေါင်းများစွာကလိုပဲ ခေါင်းငိုက်စိုက်ကျလို့
ဒီခြေထောက်အောက်ကမြက်တွေဟာ ဟိုတခါက မြက်ပင်တွေပါလို့ ထင်မှတ်မှားရင်း
ဒီအတိုင်းပဲ ပြန်လှည့်ထွက်လာခဲ့ရ... ။ ။
4 Comments:
welcome Back!!!
အရင်အတိုင်းပဲ..
အဲဒီအတွေးတွေ
အဲဒီအရေးတွေ....
Ohh ..u r back ..
(^_^)
welcome back လို့ မပြောချင်ပေါင်...
ကျော်ပေးထားတာကို ကျေနပ်နေတယ် လို့ ထင်မှာ စိုးတယ်..။
ဘယ်ဆီကို မင်းရောက်နေလဲ
ဘယ်သူနဲ့ မင်း ရှိနေမလဲ...ဘာတွေကို မင်းလုပ်နေလဲ
တွေးမိပါတယ်..စဉ်းစားရင်းနဲ့ လွမ်းမိပါတယ်..သီချင်းပဲ ဆိုတော့မယ်။
^-^
Post a Comment