Tuesday, January 5, 2010
နေထိုင်ရာ ကမ္ဘာခြမ်းဘက်မှာ နှစ်သစ်ကူးနေချိန်။ တီဗီက ဒုတိယကမ္ဘာစစ်မှတ်တမ်းကားကို အေးစက်စက်ပြပေးနေသည်။ မျှော်လင့်ထားသည့်အတိုင်း မရှိဘူးဆိုသည့်အရာအားလုံး တကယ်လဲရှိမနေခဲ့။ ကိုယ့်အဖြစ်ကိုယ် ပြုံးမိသည်။ ဖြစ်မလာဘူးလို့ မျှော်လင့်ထားတဲ့အတိုင်း တကယ်လဲဖြစ်မလာသည့်အခါ လူ့သဘောကနည်းနည်းစိတ်ပျက်လက်ပျက် ဖြစ်တတ်သလား။
မျှော်လင့်မထားသည့်အရာများကတော့ ကမ္ဘာတခြမ်းစာလောက်ဝေးသည့်နေရာက ဆယ်စုနှစ်တခုစာလောက် ဝေးနေသည့် သူငယ်ချင်းဆီက ဖုန်းလာခြင်း။ သူကတော့ ၂ရက်လောက်သာ မတွေ့ဖြစ်သည့် အပေါင်းအသင်းတယောက်လို နှစ်ကူးဆုတောင်းကို အမှုမထားဟန်နှင့် ပြောသည်။ ကျန်းမာရေးအကြောင်းမေးသည်။ သူ့အရောင်းအ၀ယ်အကြောင်း ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ခိုတကောင်လိုညည်းသည်။
အရောင်းအ၀ယ်ဆိုတာ တရားမျှတကြောင်း အနည်းဆုံးတော့ တရားသည်ဟု ခံစားစေနိုင်ကြောင်း ပြောတော့ သူက ပြန်ငြင်းသည်။ အရောင်းအ၀ယ်ဆိုတာ အဆုံးစွန်ဆုံး သည်းခံနိုင်စွမ်းမရှိတော့ချိန်တွင် မရောင်းဘူး မ၀ယ်ဘူးဟု ဘေးထွက်ထိုင်လို့ ရသည်လေ။ အရောင်းအ၀ယ်က တရားသည် အလဲအလှယ်ဆိုတာက တရားမျှတမှု ရှိချင်မှရှိသည်။ သူငယ်ချင်းက ထပ်ခါထပ်ခါ နှစ်သစ်ကူးဆုတောင်းများပေးပြီး နှုတ်ဆက်ဖုန်းချသွားသည်။ အလဲအလှယ်ဆိုတာကတော့ ခေါင်းထဲကမထွက်။
ရှေးတုန်းကလို ဆီပေးပြီး ဆားယူသည့်ကိစ္စ။ ရော့ပတ္တမြား ရော့နဂါးကိစ္စတွေက ရိုးရှင်းသေးသည်။ ခေတ်ကြီးက ဆန်းပြားရှုပ်ထွေးလာပြီ လူတွေကလဲ .... ။ တချို့အပေးအယူတွေက တည့်တိုးမဆန် မပွင့်လင်းလှ။ ဥပမာ။ ။ ကိုယ်အမြတ်တနိုး ဆယ်စုနှစ်ချီပြီး စိုက်ပျိုးထားသည့် သစ်ခွတခြံလုံးကို တခုခုနှင့် ငွေကြေးနှင့်ပဲဖြစ်ဖြစ် အလဲအထပ်ပြုဖို့ တစုံတယောက်ကပြောလာသည်ဆိုပါစို့။ ကိုယ်ကလဲ တခြားဘာမှမလိုအပ်သည့်အပြင် သစ်ခွခြံကြီးကို အသက်တမျှ မြတ်နိုးသူဖြစ်သည်ဆိုပါစို့။ ခေါင်းခါလိုက်ဖို့ ခက်ခဲလှသည့်ကိစ္စမဟုတ်ပါ။
သို့သော်... ထိုတစုံတယောက်က ကိုယ့်သစ်ခွခြံကိုရပါက အတိဒုက္ခရောက်နေသည့် ရွာကြီးတရွာကို ကယ်တင်ပေးမည်။ ဥပမာ။ ။ ကျောင်းဆောက်ပေးမည်။ ရေတွင်းတွေပါ တူးပေးမည် အိမ်တိုင်းကို ဆန်တွေဝေပေးလိုက်မည် တခြားကိုယ်မတတ်နိုင်လောက်သည့် ကိုယ်တယောက်တည်းဖြည့်စွမ်းပေးနိုင်မည်မဟုတ်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုက်မည်ပေါ့... ထိုသို့ အလဲအလှယ်တောင်းဆိုခြင်းမျိုးကတော့ မတရားလှပါ။ (သဘောထားကွဲလွဲမည်ဆိုလျှင် မတရားလှဟု ခံစားရသည်ဟု ပြင်ဖတ်နိုင်ပါသည်။)
ကဗျာဆန်ဆန်ပြောရင်တော့ လူအများအသက်နှင့် ကိုယ့်နှလုံးသားလဲလှယ်ခိုင်းခြင်းဖြစ်သည်။ လူတိုင်းလူတိုင်းကလည်း လဲလှယ်ဖို့ ငြင်းဆန်ခွင့်မရခဲ့ကြ။ တချို့ ငြင်းဆန်ဖို့ အချိန်မရခဲ့ကြ။ တချို့ ငြင်းဆန်ဖို့ သတ္တိမရှိခဲ့ကြ။ လူသားချင်းစာနာမှုဆိုတာ ရှိအပ်သည်။ အကြွင်းမဲ့လက်ခံသည်။ ထို့အတူ ကိုယ့်နှလုံးသားကိုယ် မြတ်နိုးထိန်းသိမ်းခွင့်လဲရှိသင့်လှသည်မဟုတ်လား။
လူဖြစ်ရတဲ့ဒုက္ခများတွင် တခါတလေ ချောင်ပိတ်ရိုက်ခံရခြင်းလဲ ပါသည်။ လောကမှာ ဖြစ်ပျက်သမျှတွင် မည်သည့်ရာခိုင်နှုန်းလောက်က တရားမျှတပါသနည်း။ ကမ္ဘာကြီးကိုက တဖက်စောင်းနင်းလည်နေသည် မဟုတ်လား။ ဘီဘီစီရဲ့ ဒုတိယကမ္ဘာစစ် မှတ်တမ်းကားကတော့ နှစ်သစ်ကူးညမအိပ်စက်သူများအတွက် အကြောင်းပြချက်ကောင်းကောင်း ဖြစ်နိုင်ပါသည်။
2 Comments:
ဟန်နီမမ...
ရေဆေးစားစား ဒီအတိုင်းစားစား အမှန်တရားဆိုတာ ခါးသက်သက်ကြီးပါပဲနော်...း(
တွေးစရာတွေ အများကြီး ရသွားတယ်...
အမှန်တွေချည်းပဲ
အများကြီးမရေးနဲ့
နဲနဲလျော့ရေး......
Post a Comment