ဒီမြို့မှာ အကန့်အသတ်တွေ တဖွဲဖွဲရွာတယ်

Sunday, December 27, 2009

သဲမုန်တိုင်းလိုမွှေတယ် စိတ်တွေ
ဟော အခုပဲ ရေခဲမြစ်လို ရပ်တန့်အေးစက်သွား
စောင့်ရှောက်မထားနိုင်တဲ့ စိတ်ကူးလေးများ
ကတိမ်းကပါးလက်လွှတ်ခဲ့ရ
ခွင့်လွှတ်ကြပါကွယ်

ထောင့်ကိုးရာရှစ်ဆယ်ရုပ်ရှင်များထဲကလို
အိပ်မပျော်သူအတွက် မနက်ဖြန်ဆိုတာရှိပါသလားလို့
ခန့်ခန့်ငြားငြားကြီးလွမ်းပြချင်လှ
တကယ်တမ်းက မီးခဏခဏပျက်တယ်
ကောင်းခန်းမရှိဘူး ဇတ်မသိမ်းဘူး
ဘ၀တွေ ဘ၀တွေ လိုရင်းမရောက်ဘူး

ငိုက်စိုက်ကျဦးခေါင်းများ
ခရမ်းရောင်ပန်းအိုးလေးထဲထိုးစိုက်ခဲ့ကြ
ဒီလောက်ပါပဲ
ဒီလောက်ပဲ လှနိုင်ကြတယ်။ ။

ကောင်းကင်ထက်ပိုင်းကျိုးနဲ့ ည

Saturday, December 26, 2009

အဖျားအနာကလွဲပြီး ဘာမှ နှစ်ခါပြန်မလာဘူး
ဒီပြတင်းပေါင်အကန့်အသတ်ထဲ ဘယ်ကြယ်မှ မလင်းလက်ခဲ့ဘူး
မေ့သင့်တာများကို မေ့ပစ်ဖို့ ကိုယ့်ဘာသာဖျားယောင်းမိကြ
ဘ၀ဆိုတာ ရှေ့ဆက်သွားရတာမျိုးမဟုတ်လား

တခါလောက်တော့ ဖူးပွင့်တတ်ချင်တယ် နှစ်ထောင့်တစ်ဆယ်
စပယ်လိုဝေေ၀၊ ခရေလိုကြွေကြွေ
ဒါပေမယ့်
ကြိုးညှိမှာ ဆတ်ဆတ်ထိမခံတဲ့ တယောလို
ဘယ်စံပေတံနဲ့မှ အံမ၀င်ချင်တော့ဘူး

ကိုယ့်အသံကြောင့်မိုးမရွာမှန်းသိသွားတဲ့ဖားလို
တလောကလုံးကို စိတ်နာပစ်လိုက်တယ်
မီးတွေကိုမှိတ်လိုက်...
မျက်လုံးတွေကိုမှိတ်လိုက်...
ဒီ့ထက်မမှောင်တတ်တော့ဘူးလား ညတွေ???????????????

နှင်းကိုက်သွားတဲ့ ခြေရာ

Tuesday, December 15, 2009

ဟဲ့ စောစောစီးစီးဘယ်လဲ
နိုင်းပီးဆီသွားမလို့

အမက လှမ်းထောပနာပြုတယ်။ အီရော်င်တဲ့
အရူးမလို့လှမ်းအော်တာပေါ့။ နိုင်းပီးဆိုတာ လူမဟုတ်ဘူး ထင်းရှူးပင်ကြီးပေါ့ ငယ်ငယ်ကတည်းက အဲဒီအပင်ကြီးက အပေါ်ကိုမမြင့်တက်ပဲ ဘေးတိုက်ကြီးထွားနေတဲ့ အပင်ခပ်၀၀လေးပေါ့
အခုတော့ အပင်က အိုလာတော့ အဖွားဝ ဆိုတဲ့အဓိပ္ပါယ်နဲ့ နိုင်းပီးလို့ နံမည်ပေးထားတယ်။ ရေ၊လေ တိုက်စားလာလိုက်တာ နိုင်းပီးရှေ့က ကွက်လပ်လေးတောင် မရှိတော့ဘူး အဝေးက ကြည့်ရင်
ချောက်ကမ်းပါးထိပ်ရပ်ပြီး အဝေးတောင်အောက်လွင်ပြင်ကို လှမ်းငေးနေတဲ့ အပင်ကွေးကွေးလေးပေါ့

နိုင်းပီးရဲ့ ခြေရင်းက ကျောက်စွန်းလေးပေါ်ထိုင်ပြီး အောက်ကိုငုံ့ကြည့်လိုက်ရင် ချောက်ကလေး အောက်က ချောင်းသေးသေးလေးစီးနေတာတွေ့တယ်။
နိုင်းပီးရေ...ဘယ်လောက်ဝေးဝေးမြင်ရသလဲဟင် ကျမကို ခြေရာလေးတခုလောက် ရှာပေးပါလား
ဟာ ငါ့မျက်လုံးတွေက မှုန်နေပြီ ငါ့အမြစ်တွေကိုတောင် ငုံ့ကြည့်ရင် သေချာမမြင်ရဘူးကွယ့် ပြီးတော့ ခုတလော ငါတို့ဆီမှာ ခြေရာတွေသိပ်များတယ်ကွယ်
ဘယ်မြင်မလဲ နိုင်းပီးက ၀တာကိုး

တိတ်ဆိတ်ပြီး ငြိမ်သက်သွားလိုက်တာ နိုင်းပီးရဲ့ အရွက်တွေတောင် နှင်းမြူတွေကြား ခဲသွားသလို
ဟေး ကောင်မလေး ငါတွေ့ပြီ ခြေရာက နည်းနည်းဟောင်းနေပြီပဲ
ကျမနံမည်ကို သိလားမေးကြည့်ပါဦး
အေး မသိဘူးတဲ့
သေချာမေးကြည့်ပါဦးလေ
အေး မသိဘူးတဲ့
ဟားဟား မဖြစ်နိုင်ပါဘူး
အေး ဖြစ်သွားပြီမဟုတ်လား
ဒါဆို ပျော်နေသလား ပျော်နေခဲ့သလားလို့ သေချာကြည့်ပေးပါဦး
ငါလဲမသေချာဘူးကွယ် ခြေရာက နှင်းတွေကြားမှာ ပျက်နေပြီကွယ့်
အော်... အင်းလေ ပျော်နေမှာပါ
ငါက တော်တော်အိုမင်းနေပါပြီကွယ်
ဟာ နိုင်းပီးကလဲ ဘာဆိုင်လို့လဲ
အေးလေ အသက်ကြီးလာတော့ လူတွေငိုတာသိပ်မမြင်ချင်တော့ဘူး
ဟုတ်တယ် မမြင်တာကောင်းတယ် မျက်ရည်ဆိုတာတွေကလဲ ခြေရာလိုပဲ နောက်တော့ နှင်းတွေဖုံးသွားမှာပါ

ဒီအရပ်ဒေသမှာတော့ အရာရာကို နှင်းတွေက ဖုံးအုပ်ပစ်လိုက်တာပဲ။ အေးလေ အဲဒါက အားလုံးအတွက်ကောင်းတယ်မဟုတ်လား။

လိုချင်တာကတော့

Saturday, December 12, 2009

ဒီနှစ်ကူးမှာ မိသားစုမရှိဘူး အိမ်လဲမရှိဘူး အချစ်လဲရှိလိမ့်မယ်မဟုတ်ဘူး
အဲဒီအတွက်
ကိစ္စလဲမရှိဘူး

လိုချင်တာကတော့
ဘယ်သူတွေဘယ်လို ရယ်စရာကောင်းတယ်ပြောပြော ကိုယ်ရေးချင်တဲ့ကဗျာကို ရေးနိုင်တဲ့
ကိုယ့်ဘ၀ကိုယ်ထိန်းကျောင်းနိုင်မယ့်
ကိုယ့်လမ်းကြောင်းကိုယ် အမှန်အတိုင်းသုံးသပ်နိုင်တဲ့
အမှန်တရားကို မျိုချငြိမ်သက်မနေတတ်တဲ့
သတ္တိ သတ္တိ သတ္တိ သတ္တိ သတ္တိ

အဲဒီတခုပဲလိုပါတယ်
ကဲ ဘယ်သူတွေဘာလိုချင်သလဲ သိချင်တာကတော့

သူငယ်ချင်းအမရာဒေ၀ီ
အမကြီးလိုခင်တဲ့ ဒေါ်ရွှေဂျမ်း
ပြီးတော့
My loving brother, P Seng Tip

ဒီဇင်ဘာ တရေးနိုး

Monday, December 7, 2009

အချိန်ကာလက ငယ်ဘ၀ကို
လေပူဖောင်းတွေ ဖောက်ခွဲလိုက်သလို
ရွေးချယ်စရာမရှိ (သို့) ရွေးချယ်ရကောင်းမှန်းမသိကြောင်း သက်သေပြဖို့
လိမ္မာဖို့ကြိုးစားခဲ့၊ လိမ္မာခဲ့၊ လိမ္မာပြခဲ့

ဒီအချိန်ထိ
လောကကြီးကရွေးချယ်စရာများလွန်းကြောင်း
(သို့) များဟန်ဆောင်ပြီးချောင်ပိတ်တတ်ကြောင်း သိချိန်ထိ
ချောင်ပိတ်မိချိန်ထိ အားလုံးကိုဆုပ်ကိုင်ခဲ့
ဘယ်အချိန်လွတ်ချမိမှန်းမသိလိုက်အောင်ကို ဆုပ်ကိုင်ခဲ့
ဘာဆုပ်ကိုင်ထားမှန်း (သို့) ဘာမှမဆုပ်ကိုင်ထားမှန်းမသိအောင်
ထုံကျင်တဲ့အထိဆုပ်ကိုင်ခဲ့

အခုတော့ ငါလဲ ဘာမှဂရုမစိုက်တမ်း
ဟောဒီပိတ်ကားစပေါ် အ၀ါရောင်တွေချတတ်နေပြီ
ပြောင်းလဲခြင်းတွေသာ တည်မြဲတဲ့နောက်
အသက်ရှင်ခြင်းဟာ နာတာရှည်ရောဂါပဲတဲ့... သိလား

စုန်ရင်း ဆန်ရင်း ဒါမှမဟုတ် စုန်ရင်းစုန်ရင်း မျှောသွားကြ
တိုက်ခိုက်တယ် အောင်မြင်တယ် မျှောသွားကြ
အဓိပ္ပါယ်ရှာတယ် အဓိပ္ပါယ်ဖွင့်တယ် မျှောသွားကြ
အခုတော့
နှုတ်မဆက်ပဲသွားလဲ ငါခွင့်လွှတ်တတ်ပြီ။ ။