Monday, December 7, 2009
အချိန်ကာလက ငယ်ဘ၀ကို
လေပူဖောင်းတွေ ဖောက်ခွဲလိုက်သလို
ရွေးချယ်စရာမရှိ (သို့) ရွေးချယ်ရကောင်းမှန်းမသိကြောင်း သက်သေပြဖို့
လိမ္မာဖို့ကြိုးစားခဲ့၊ လိမ္မာခဲ့၊ လိမ္မာပြခဲ့
ဒီအချိန်ထိ
လောကကြီးကရွေးချယ်စရာများလွန်းကြောင်း
(သို့) များဟန်ဆောင်ပြီးချောင်ပိတ်တတ်ကြောင်း သိချိန်ထိ
ချောင်ပိတ်မိချိန်ထိ အားလုံးကိုဆုပ်ကိုင်ခဲ့
ဘယ်အချိန်လွတ်ချမိမှန်းမသိလိုက်အောင်ကို ဆုပ်ကိုင်ခဲ့
ဘာဆုပ်ကိုင်ထားမှန်း (သို့) ဘာမှမဆုပ်ကိုင်ထားမှန်းမသိအောင်
ထုံကျင်တဲ့အထိဆုပ်ကိုင်ခဲ့
အခုတော့ ငါလဲ ဘာမှဂရုမစိုက်တမ်း
ဟောဒီပိတ်ကားစပေါ် အ၀ါရောင်တွေချတတ်နေပြီ
ပြောင်းလဲခြင်းတွေသာ တည်မြဲတဲ့နောက်
အသက်ရှင်ခြင်းဟာ နာတာရှည်ရောဂါပဲတဲ့... သိလား
စုန်ရင်း ဆန်ရင်း ဒါမှမဟုတ် စုန်ရင်းစုန်ရင်း မျှောသွားကြ
တိုက်ခိုက်တယ် အောင်မြင်တယ် မျှောသွားကြ
အဓိပ္ပါယ်ရှာတယ် အဓိပ္ပါယ်ဖွင့်တယ် မျှောသွားကြ
အခုတော့
နှုတ်မဆက်ပဲသွားလဲ ငါခွင့်လွှတ်တတ်ပြီ။ ။
5 Comments:
မဟန်နီရဲ့ကဗျာတွေ ပြန်ဖတ်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်. . . Welcome back ပါ အစ်မ
ဒီဇင်ဘာရောက်မှ တစ်ရေးနိုးကဗျာထရေးတဲ့ အစ်မကို Welcome Back ပါဗျာ. . .
ခွင့်မလွှတ်ပါဘူးကွယ်.. အနည်းဆုံးတော့ နှုတ်ဆက်သွားရင်... ဘယ်ရောက်နေလဲ ဘာတွေလုပ်နေလဲ ဘယ်လောက် အဆင်ပြေနေလဲ သိရတာပေါ့.. အခုတော့ အခုတော့...း)
အသက်ရှင်ခြင်းဟာနာတာရှည်
ရောဂါပဲတဲ့....သိလား
နှုတ်မဆက်ပဲသွားလဲ ငါခွင့်လွှတ်တတ်ပြီ။ ။
ခုမှပဲ..အဆင်ပြေသွားတော့တယ်...
ဟန်နီကဗျာမဖတ်ရလို့..နာတာရှည်ရောဂါ
ရနေတာ....ဘယ်လိုလဲ..မယ်မင်းကြီးမရယ်
တကတည်း...ခိုမလာသတင်းမကြားနဲ့..
ဟား ဟား ဟားးး
ဒီလိုရယ်နိုင်ဖို့
အကြာကြီး အိပ်လိုက်ရတယ် ;-)
Post a Comment