ရွက်ကြွေမိုးည

Monday, March 2, 2009

အဲဒီဝါးရုံပင်လို အလှည့်အဖျားလေးက
ငါ့ပုံပြင်ကိုကုတ်ခြစ်ချသွားခဲ့တယ်
ညဟာ လေစိမ်းတွေကြား ညည်းတွားနေရ

လမင်းကတော့
တိမ်တွေကြားခေါင်းငိုက်စိုက်ချ
ဘယ်လောက်ငိုနေရသလဲ
ဒီမှာတောင် ညမှောင်မှောင်မှာစိုလို့

တိတ်ဆိတ်မှုတွေပါးသွားအောင်
ဒီမြူခိုးတွေကြား ကိုယ့်ခြေသံပဲကိုယ်နားထောင်ခဲ့တယ်
နောက်မှာဘာကျန်ခဲ့သလဲ
ရှေ့မှာဘာချန်ခဲ့မလဲ
ဆွဲထုတ်ခံရတဲ့ ကက်ဆက်တိတ်သားစလို
ဘာဆို ဘာမှ ဖတ်မရတော့

ဆက်ရွေ့လျားလို့မရတဲ့အထိလျှောက်ခဲ့တယ်
ဒီမျက်လုံးများမှိတ်သွားတဲ့အခါ
တိတ်ဆိတ်မှုကိုလဲ ငါနားပိတ်ထားခဲ့
ဘာဆန်းသလဲတဲ့ကွယ်
မချိုမချဉ်သရော်နေတဲ့ ကောက်ရိုးမျှင်ကိုပဲ
လက်အံသေသွားတဲ့လောကကြီးက လွှတ်ချပစ်ခဲ့တာရော

1 Comment:

အမရာ said...

ှိတော်သေးတာပေါ့...အသက်ရှိသေးလို့...
ဒီမှာကဗျာမဖတ်ရလို့ရူးသွတ်နေတယ်....
ဒီနေ့တော့နေသာထိုင်သာရှိသွားပြီ.....
လမင်းကိုတော့တော်တော်သနားသွားတယ်...
ပြန်ပြီ။