အစွဲအလမ်း

Sunday, January 25, 2009

ခရမ်းရောင်မိုးစက်တွေကို ဘယ်သူမှမမြင်ရဘူးတဲ့
အကောင်အထည်ပြစရာမရှိလဲ ခိုက်ခိုက်တုန်အောင်ချမ်းနေရ

ဒီကနေ့ ပျောက်ရှသွားတဲ့ယုံကြည်မှုကလဲ
လွန်ခဲ့တဲ့ နှစ်၂၀က
တံတားပေါ်က လိမ့်ကျသွားခဲ့တဲ့ မွေးပွရုပ်ကလေးထက်
ချော်လဲပြီး လက်လွတ်ခဲ့ရတဲ့ မိုးပျံပူဖောင်းလေးထက်
ထူးခြားပြီး မနာကျင်ပေမယ့်
ခရမ်းရောင်တွေက ပိုပိုအေးစက်လာ

ထုံကျင်နေတဲ့လက်တွေက
ဆုပ်ကိုင်ထားသမျှ လွှတ်လိုက်ရသလား
မျက်လုံးများဖွင့်လို့မရဘူး
အနွေးဓါတ်ကို စကားလုံးသက်သက်သာ အမှတ်ပြုနေရ
ဦးနှောက်ဟာ အမှားတခြမ်း ငရဲတခြမ်းဖြစ်လာ

ခရမ်းရောင်တွေ မှောင်လိုက်တာများ
ဘယ်ကတည်းကရွာနေခဲ့သလဲ မသိတော့ဘူး

4 Comments:

အမရာ said...

ကဗျာကလဲဘာစားပြီး
ရေးသလဲမသိ...လွှတ်ကောင်းနေတော့တာပဲ.....
ဟန်နီကဗျာမဖတ်ရရင်လူကနေမကောင်းချင်
သလိုလိုဖြစ်တတ်တယ်....

လင်း said...

ခံစားချက်တွေ သိပ်ပြင်းထန်နေသလား မသိ။ ကဗျာတွေက အရမ်းကိုမိုက်နေတယ်

ရွှေပြည်သူ said...

မြင်လေရာမှာ ခရမ်းရောင်တွေ ဖြစ်သွားတယ်။ ပြီးတော့ မှောင်တော့မလိုပဲ... ကောင်းလိုက်တာ ဟန်နီရယ်...

ein said...

အမဟန်နီ
ကဗျာတွေဖတ်သွားတယ် ...
အားရတယ်အမရေ...