ညာလက်က ကောင်းမလိုလိုနဲ့ ပြန်နာနေပြန်တယ်။ ဒီပို့စ်ကို ဘယ်လက်နဲ့ရိုက်ပါတယ်ပြောရင် ဘယ်သန်တွေပြုံးကြလိမ့်မယ်။ ဘယ်သန်ကနေ ညာသန်ဖြစ်လာသူတွေလဲ ပါချင်ပါပေမပေါ့။
မနက်မိုးမလင်းခင်ကတည်းက သက်သာရဲ့လား ရုံးတက်နိုင်ရဲ့လားမေးကြတော့ တယ်လဲသနားကြင်နာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ထင်မိပါရဲ့။ ဘယ်ဟုတ်မလဲ ကိုယ်လဲရုံးတက်နိုင်တယ်ဆိုရော တယောက်က ခေါင်းကိုက်ပြီး တယောက်ကဗိုက်နာသတဲ့။ တဌာနကို တယောက်နှုန်း ရုံးတက်တဲ့နေ့ပါပဲ။ အီးမေးလ်တွေထဲက ရုံးချုပ်ကအလုပ်တွေ တပုံကြီးကိုစာရှည်ကြီးနဲ့ခိုင်းတတ်တဲ့ နံမည်ကိုကောက်ဖွင့်လိုက်တယ် သတင်းကောင်း (ယူသော်ရ၏ပေါ့) တခုပါတော့ ၀မ်းသာရမလို။ ဆက်ခိုင်းထားတာကြည့်လိုက်တော့ နှစ်သစ်ကူးကို အလုပ်တွေခေါင်းရွက်ပြီး ကူးရတော့မယ်ဆိုတာသိလိုက်ပြီ။ ကိုယ့်ဌာနက လူတွေကို စာပို့လိုက်တယ်.. ဟေး ငါတို့ကုမ္မဏီ နှစ်သစ်ကူးအထိ ရှိဦးမယ်။ အနည်းဆုံးတော့ ဇန်န၀ါရီလစာရမယ်ပေါ့ကွာ ပျော်ရွှင်စရာကောင်းသော ခရစ်စမတ်ဖြစ်ပါစေ။ လို့ :)
နေ့လည်စာသွားစားတော့ ခေါက်ဆွဲဆိုင်က သရဲခြောက်တော့မလိုလို။ ဆိုင်ရှင်ကလဲ လူမရှိလို့ စေတနာဗလပွနဲ့ ခေါက်ဆွဲတွေအများကြီးထည့်ပေး။ ကိုယ်ကခံတွင်းပျက်နေတော့ စားလို့မကုန်။ ရှမ်းလိုပြောရင် စိတ်မကောင်းလည်ချောင်းခါးလောက်ပေ၏။ နေ့လည်စာစားပြီးတော့ ညာတာပါတေးနဲ့ Finance နဲ့ Account က မမတွေ လစ်ကုန်ကြပြီ။ ဆေးရုံကိုဖုန်းဆက်တော့ ဆရာဝန်က ခရစ်စမတ်ခွင့်ယူထားသတဲ့။ တာဝန်ကျတယောက်ယောက်နဲ့ပြမလား ဆိုတော့ မိုးကလဲ တစိမ့်စိမ့်ဆိုတော့ အစီအစဉ်ကိုဖျက်တယ်။ ဘာဖြစ်သေးလဲ ကိုယ့်ဘာသာကုတာပေါ့။ အမတယောက်က ခရစ်စမတ်နေ့ကျရင် အချစ်နဲ့တွေ့ပြီး ရောဂါပျောက်မှာပါလို့ အားပေးသွားတယ်။
နောက်ထပ် သတင်းကောင်း၂ခု ထပ်ဝင်လာတယ်။ Karen က ရုတ်တရက် ထ ကတယ်။ ကိုယ်ကတော့ လက်မလှုပ်နိုင်လို့ ရုံးခွဲတွေကို ဖုန်းဆက်ပြီးသတင်းကောင်းတွေပြောရတယ်။ Karen က Celebrateလုပ်မယ်ဆိုပြီး ပစ်ဇာတွေမှာတယ်။ ကိုယ်က ကုတ်တွေ ပက်စီတွေလဲ သောက်လို့မရ ကော်ဖီလဲမသောက်ရဘူးဆိုတော့ ၀မ်းနည်းပါသည်ပေါ့။ ဂုဏ်ပြုချင်ဇောနဲ့ ကိုယ့်ဌာနကလဲ ဖဲကြိုးတွေစည်းထားတဲ့ ဘူးကြီးပို့လိုက်တယ် စားမရသောက်မရပန်းတွေ ဖယ်လိုက်တယ်။ ဘုတ်မှာကပ်ထားဖို့ကလွဲပြီး ဘယ်သူမှဘာမှလုပ်လို့မရတဲ့ ကဒ်ကြီးဖယ်လိုက်တယ်။ ဖွင့်လိုက်တော့ အထဲမှာဘူး၎ဘူး။ ထပ်ဖွင့်လိုက်တော့ ၄ဘူးစလုံးအာရေဘစ်ကာ ကော်ဖီပုလင်းတွေဖြစ်နေတယ်။ ဘာပြောကောင်းမလဲ... နာနေတဲ့ညာဖက်လက်နဲ့ပုခုံးကိုပဲ ဖြုတ်ရကောင်းနိုး၊ ကော်ဖီမသောက်ရဆိုတဲ့ ဆရာဝန်ကိုပဲ နှုတ်ပိတ်လိုက်ရကောင်းနိုးပေါ့။
ညနေကျတော့ မေးစရာတခုရှိလို့ ဂျီအမ်ကိုဖုန်းဆက်တော့ သူက နင်ရုံးမှာဘာလုပ်နေတာလဲတဲ့ ကမ္ဘာပျက်မှာမို့လားတဲ့ အဲဒါနဲ့ ၅နာရီကျတော့ ၂ယောက်တည်းကျန်သော ရုံးတက်သမားတွေ တံခါးပိတ်ပြန်ကြလေသတည်းပေါ့။ ဈေးသွားဝယ်ချင်ပေမယ့် လူတွေရှုပ်နေမှာရယ် အလေးအပင်မ မ နိုင်တာရယ်ကြောင့် အိမ်ကိုတန်းပြန်လာတယ်။ အိမ်ရောက်တော့ သနားစရာအဖြစ်မခံနိုင်တာမို့ ဆွေမျိုးတွေကိုဖုန်းဆက်ပြီး ၀ှရှ်လုပ်ရတယ်။ အခန်းထဲမှာ ပုံအသစ်တွေထပ်ချိတ်တယ်။ ဘယ်ပုံလဲဆိုတော့ မနက်က Congratulations, Babe လို့ ပြောသွားတဲ့တယောက်ပေါ့။ ပြီးတော့ မီးတွေမှိတ်ပြီး ဖယောင်းတိုင်ထွန်းလိုက်တယ် (ဒီဇာတ်လမ်း ဒီနေရာရောက်ရင် ရန်ကုန်ကသူငယ်ချင်းတွေ ထဆဲတော့မယ်ဆိုတာသိတယ် ဘာကွ ဖယောင်းတိုင်ဟုတ်လား :D)
မိုးတဖွဲဖွဲကျသံကြားနေရတယ်။ ဖယောင်းတိုင်မီးရောင်နဲ့ ချိတ်ထားတဲ့ ပုံလေးတွေကြည့်နေမိတယ်။ ဘယ်လက်နဲ့ စာ စရိုက်တယ်။ After all, life is not so bad.
ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါစေ