ညနေတွေ ဘာလို့အရမ်းအေးစက်ရ

Monday, September 29, 2008

နေမ၀င်သေးဘူး စိတ်က ပုံပျက်ပန်းပျက်ပြိုဆင်းနေပြီ
အေးစက်မှုက အသက်ကိုကျီစယ်နေလေရဲ့
အမေဆောင်းပေးဖူးတဲ့ ယုန်ရုပ်ဦးထုပ်ကလေး
ဒီနားရွက်တွေကိုနွေးအောင် အုပ်ထားပေးရင်ကောင်းမှာပဲ

အရာရာဟာ တလှိုက်လှိုက်
အတွေးတွေအကြောင်းတွေးရမှာကြောက်တယ်
ငါကြောက်တဲ့အကြောင်းလဲ တွေးရမှာကြောက်တယ်
ဝေးရမှာ ကြောက်တယ် ... ကြောက်တယ်

ဖက်တွယ်ထားချင်ရက်နဲ့ ကြိုးမချည်မိတဲ့လှေလို
ကမ်းကို မှုန်ဝါးထားရစ်ခဲ့ရ
နွေးမလားလို့ ဟိုးထောင့်ထဲမှာ အသေးနိုင်ဆုံးကွေးပြီး
မျက်နှာကိုဝှက်ထားချင်ရဲ့
မာကျောမှုအောက်ခံ လေးလံတဲ့ဖိစီးခြင်းတွေနဲ့
စိတ်ဟာ ဖက်တီးမရဲ့ ပင်ဆယ်ဟီးလ်လို မနိုင်မနင်းခွေလဲကျတယ်
မဆုံနိုင်ခြင်းတွေဟာ ဖွေးကနဲ ကွဲထွက်လာခဲ့

အသေအလဲ

Sunday, September 28, 2008

လေညင်းခေါင်းတချက်ခါတာနဲ့ သစ်ရွက်ဟာ ကြွေဖို့အသင့်
အဲသလို ဖြစ်တတ်ခြင်းတွေက ခြိမ်းခြောက်သမျှ
ထိန်းထိန်းသိမ်းသိမ်းပြောရ လုပ်ရ တွေးရ
အဲဒါ့ကြောင့်ပဲ ကမ္ဘာကြီးလဲ ပူပူလာလေရော့သလား

ကဲကွယ် မငြင်းဆန်ခြင်းနဲ့ လက်မခံခြင်းကြားမှာ
အရာရာ တဲတဲကလေးဟန်ချက်ညီသင့်လျှက်နဲ့
ခက်တာက ခဏ ခဏ လွဲချော်နေကြမှတော့
ပေပြီးပွပြီး လူ့ဘ၀ကြီးကို သံတမန်ဆံဆံ
ရေလိုက်ငါးလိုက် ဟန်မဆောင်ချင်ဘူး

နေ့ညတွေထဲ မတော်တဆတွေကို တဖွဲဖွဲခါချလိုက်ပြီ
ကဲ ကြွေချင်သပဆိုကြွေကြ
ငါကိုယ်တိုင်က ရိုင်းလှချည့်ဆိုတဲ့ အဲ့ဒီပင်လယ်ရင်ခွင်ထဲ
ကမ်းစပ်ကိုကျောခိုင်း ကြွေခဲ့တဲ့ မုန်တိုင်းပါကွယ်

မိသားစုဝင် အသစ်

Tuesday, September 23, 2008

ကိုယ်မမြင်ဖူးပေမယ့် နံမည်ကြားတာနဲ့ချစ်သွားရတဲ့ ခွေးကလေးတကောင် အိမ်ကိုရောက်နေပါတယ်။ အမက ခွေးလေးက စက်တင်ဘာမှာမွေးလို့ လောလောဆယ်မိုးပြာလို့ပေးထားတယ်တဲ့ ... အဲဒီမှာ စက်တင်ဘာဆို ကောင်းကင်က စ ပြီးပြာနေပြီလေ။ (နိုဝင်ဘာလောက်ဆို မိုးကောင်းကင်က အရမ်းကိုပြာပြီး သန့်နေတော့တာ။)

နင်ဒေါ်လီလို့ခေါ်ချင်ရင် နံမည်ပြောင်းလိုက်မယ်လေတဲ့။ အဲလိုတော့မလုပ်ရက်ပါဘူး။ ကိုယ့် အတိတ်က အမှတ်တရတွေအတွက် စိတ်ဖြေဖို့သက်သက် တခြားတယောက်ကို ကြိုက်ရာနံမည်တတွင်တွင် မခေါ်ချင်ပါဘူး။ ဘယ်လောက်အတ္တကြီးရာရောက်သလဲလို့။

သတ္တ၀ါတကောင်ကောင်ကို သံယောဇဉ်ထားတော့မယ်ဆိုရင် ရိုးသားနိုင်သလောက် ရိုးသားတာကောင်းတယ်။ ခွေးလဲ အသက်ရှိတာပဲ။ ခံစားတတ်တာပဲ။ (လူဆို ပိုဆိုးသေးတယ်။ မပြောချင်ရင်သာနေမယ် ခံစား သိနဲ့သိနေမှာပေါ့)

ဘာမှမသိပဲရောက်လာတဲ့ ခွေးကလေးကို ဒေါ်လီနဲ့တူရမယ် ဒေါ်လီထက် ကောင်းရမယ်လို့ မတောင်းဆိုရက်ပါဘူး။ တကယ်စိတ်ထဲကမပါပဲ သိပ်ချစ်တာပဲ မိုးပြာလေး သည်းတုံးလေးလို့ မပြောဘူး။ သူမလုပ်တဲ့ အပြစ်တွေကို အကြောင်းပြပြီး ကိုယ့်အတ္တကိုအရောင်မတင်ဘူး။ နင့်ထက်သာတဲ့ခွေး မွေးနိုင်တယ်လို့ ဆိုပြီး ဘာမှရွေးချယ်ခွင့်မရှိတဲ့ခွေးကို မနှိမ်ဘူး။

မိုးပြာလေးကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်ချင်ပါတယ်။ စိတ်ရော ကိုယ်ပါ လုံခြုံနွေးထွေးအောင် စောင့်ရှောက်ချင်ပါတယ်။ သနားလို့ခေါ်မွေးထားတာဆိုပြီး ခပ်ကြောကြောပြောတတ်တဲ့ ကြီးမိုက်ကြီးမဖြစ်ချင်ပါဘူး မိုးပြာလေးရယ်။ ။

လူကောင်းမဟုတ်ကြောင်း ထောက်ခံစာ

Sunday, September 21, 2008

နားမလည်ချင်ဟန်ဆောင်ထားရတဲ့
ဖြစ်ချင်တိုင်းမဖြစ်ရကြောင်း သင်ခန်းစာ
အဲဒီနေ့က ငါကျောင်းမလာဘူး

အကျင့်သီလကိစ္စများ အခန်းတစ်
လက်တံတွေးဆွတ်ပြီး လှန်ပစ်လိုက်တယ်
ငါတော်ဖို့မလို ပြိုင်ဖက်တွေညံ့ဖို့သာလိုတယ်

မင်းသားကြီးမဖြစ်ရလို့
ပတ်မကြီးရော၊ ပွဲလန့်တုန်းခင်းတဲ့ဖျာများပါ
တခါတည်း မီးပုံရှို့လိုက်တယ်
ပွဲပြီးမီးသေဖို့က အရှို့ခံရသူကိစ္စ

တစုံတယောက်တွေ့ရှိသမျှ
အတိအကျပြန်ရေးပြတာနဲ့
ဒီနံရံပေါ်က ဆုတံဆိပ်များ ငါချိတ်ထားခဲ့ရတာ

သိတိုင်းဖော်စားတဲ့ ငပေါများစာရင်းဝင်တွေ
မကြိုက်လျှင်ကျော်သွားမည်ဖြစ်ကြောင်း ငါခွင့်မတောင်းတတ်သူပါ
အဲဒီကမ်းပါးမှာ ငါထိုင်နားသူမဟုတ်လို့
သပွတ်အူများ မျှောချင်သလိုမျှောကြ

ခက်တယ် ခက်တယ်

Tuesday, September 16, 2008

ဆက်သွယ်ရာ တခုတည်းသော ဘာသာစကားမှာ
ထွက်ခွာချိန်နှုတ်ဆက်ဖို့ ဝေါဟာရမရှိတဲ့အခါ
ဘယ်လို . . . သုံးနှုန်းကြသလဲ

လိပ်ပြာတကောင်ရဲ့အနမ်းလို နူးညံ့နေဖို့
ဘယ်လောက်အားထုတ်ရသလဲ
သစ်ရွက်လေးကြွေသလောက် သမားရိုးကျဆန်ဖို့
ဘယ်လောက်ချိန်ဆ ရသလဲ

လူပီပီ မနာကျင်ချင်ကြဘူးပေါ့
မဖြစ်မနေ နာကျင်ရမယ်ဆိုရင်လဲ
ဘာမှမဖြစ်သလို ပြုံးပြီးနေခွင့်တော့ ရှိဖို့ကောင်းတယ်

မိတ်ဆွေတယောက်ကတော့ ပြောပါတယ်
ပြောရခက်တယ်လေ ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးမလား . . . တဲ့
အဲဒါကြောင့်ပဲ ခက် ခက် နေရတော့တာကလား . . .

ဖြားယောင်းခံခြင်း

Friday, September 12, 2008

နွေဦးလေ မွှေမယ်ပြောခါမှ
တမာပွင့်က ပြုံးတယ်
မမုန်းရက်ပါဘူး ခူးချင်ခူး ခြွေချင်ခြွေ
စေလိုရာစေ . . .

ကနေ့မြင်ကွင်း

Thursday, September 11, 2008

ငါဘာမှ မတတ်နိုင်ဘူး
ပြောရတာ အရသာရှိလိုက်တာ
ထပ်ပြောတယ်... ငါ ဘာတတ်နိုင်မလဲလေ. . .
ရေနစ်နေတဲ့ လိပ်ပြာကိုကြည့်ရင်း ကော်ဖီခွက်ကို မ လိုက်တယ်
ဆိုင်ထဲက အသံတွေတိတ်သွားပြီ ပါရီကျဆုံးခန်းလဲ တိတ်သွားပြီ
ဂျက်လန်ဒန်ရဲ့ အသားတတုံးလဲတိတ်သွားပြီ
ကော်ဖီကတော့ မွှေးနေတုန်းပဲ
တယောက်ထဲလားလို့ မေးသံထွက်မလာဘူး
ဘာသံမှ ထွက်မလာဘူး
ရေနစ်နေတဲ့ လိပ်ပြာကို မျက်လုံးတွေနဲ့ ၀ါးကူထိုးလို့
ကောက်ရိုးလိုပျော့နေတဲ့အသံထွက်လာတယ် သနားပါတယ်နော်
အင်း သနားပါတယ်ပေါ့
သနားပါတယ်ကို ပဲ့တင်လိုက်ရိုက်သံတွေ ထွက်လာတယ်
နောက်ထပ် တမျှင် နှစ်မျှင်
လိပ်ပြာသေပျော်သွားပြီ
ကိုယ့်ကိုယ်ကို သနားနေတဲ့လိပ်ပြာ ပီတိဖြစ်သွားပြီ
တခဏပါပဲ
စိတ်ကျနေတဲ့လိပ်ပြာ ရေပြန်နစ်သွားတယ်
လိပ်ပြာက ဇာတ်လိုက်မဟုတ်ဘူး
ဘယ်သူရေးတာလဲ ငါတို့ဇာတ်လမ်းဘယ်သူရေးတာလဲ
တီးတိုးသံတွေညံသွားတယ်
ကောက်ရိုးတွေလဲ တောမီးဟပ်သလို ဖြတ်ကနဲဖြတ်ကနဲ ပြာကျကုန်ပြီ
ငါတို့ ဇာတ်လိုက်ဟုတ်မဟုတ် ရေနစ်မှ သိရမယ်ပေါ့
မနက်ဖြန်လဲ သူသူငါငါရေနစ်ဦးမယ့်အကြောင်း အတင်းစကားကိုတီးတိုးတုတ်နေကြတယ်
ကော်ဖီလက်ကျန်တွေ မျက်နှာငယ်ငယ်နဲ့အေးစက်သွားပြီ
အားလုံး ထွက်လာကြတယ်
ဖန်တီးထားတဲ့ ဇယားတွေကိုဖြည့်ဖို့သက်သက်
အချိန်တွေတစက်စက်ကျသွားတာကို မှတ်တမ်းပြုဖို့သက်သက်
လမ်းမီးတိုင်အောက်မှာ ရေစိုနေတဲ့တောင်ပံတွေကို တရွတ်ဆွဲလို့ ......

ဆုံမှတ်

Tuesday, September 9, 2008

ပေါင်းဆုံစီးဆင်းဖို့လား
ဖြတ်သန်းကျောခိုင်းသွားဖို့လား
ရှေ့ကို ဘာဆိုဘာမှ မမြင်ရပေမယ့်
တဘ၀လို့ ထင်လိုက်တဲ့ တခဏမှာတွေ့တယ်။

အိပ်မက်တွေ စားသုံးကြီးထွားနေတဲ့ သစ်ပင်လေးရယ်
ငါ့အဓိပ္ပါယ်တွေကတော့ လူမသိသူမသိ ပြိုပြိုကျသွား
ဝိုးတ၀ါးနေညိုမှာ
မင်းကို အပူရှိန်ဟပ်မှာစိုးတော့ ငါ့သက်ပြင်းကိုထိန်ချန်လို့ပေါ့
အချိန်မတန်ခင် သောကတွေနဲ့ မင်းနိုးထမှာ စိုးခဲ့တယ်။

အတက်နဲ့ အကျလား၊ အသွားနဲ့အပြန်လား
ထာဝရအတွက်ဆိုတဲ့ မနက်ဖြန်ကလဲ ဘယ်တော့မှရောက်မလာဘူး။

အိပ်စက်ခြင်းတွေကို ချေမွထားတယ်ရယ်လို့
မရေရာမှုတွေကို စွဲချက်တင်
တဒင်္ဂဖြစ်ဖြစ် အိပ်မက်ချင်တယ် . . .
မင်းရယ် ငါရယ် . . .တောင်တန်းတွေရယ်

ဒီလိုနဲ့ သွေးပျက်လာတဲ့ စက္ကန့်လေးများ
သစ်ရွက်ဖျားကနှင်းစက်လေးထဲ ခိုနေကြတယ် ။ ။

ဟေ့ ... ဘာသံတွေလဲ

နေရာမရှိပဲ ဆွဲခေါ်ခဲ့ကြတယ်
ရည်ရွယ်ချက်မဲ့၊ အစီအစဉ်မဲ့၊ အမှတ်တမဲ့
နားထောင်သူလဲ မဲ့တယ်
ဒါမတရားဘူး
ဘယ်လောက် မတရားသလဲ... မတရားဘူးပြောတာတောင် နားမထောင်ကြဘူး။

အားလုံးက လိုချင်တာကို လုယက်ပြောတယ် ဘယ်သူမှနားမထောင်ဘူး
ပြောသမျှတွေဟာ စကားသက်သက် အသံသက်သက် ဖြစ်တယ်
မောင်းနှင်ထုတ်လိုက်သမျှ ဝေ့၀ဲပြီးပြန်ဝင်လာတယ် ပြန်မောင်းထုတ်လိုက်ကြတယ်

ဖြစ်ချင်တာတွေကိုပြောတယ် ဖြစ်မလာတာတွေကိုပြောတယ်
မဖြစ်ချင်တာတွေကိုလဲပြောတယ်
ရေးကြီးခွင်ကျယ်ပြောတယ်၊ ချဲ့ကားပြောတယ်၊ တန်ဆာဆင်ပြောတယ်
ဒဲ့ဒိုးပြောတယ်၊ ဟန်ဆောင်ပြောတယ်၊ ချိုအောင်ပြောတယ်
မောအောင်ပြောတယ်၊ ဒုန်းစိုင်းပြောတယ်၊ ခပ်ရိုင်းရိုင်းပြောတယ်

အသက်ရှင်မှုကို အသိအမှတ်ပြုဖို့ ပြောကြတယ်
တည်ရှိမှုကို အရိပ်အယောင်ပြဖို့ ပြောကြတယ်
ရှိတယ်ထင်မှုကို အမောက်ထောင်ပြဖို့ ပြောကြတယ်
ပထမတခွန်းကို ကြားဖို့အားအထုတ်မှာ ဒုတိယတခွန်းကိုပြောတယ်
သိကြားမှုကို ဖြိုဖျက်ချဖို့ တတိယတခွန်းပြောတယ်
တတိယတခွန်းကို အတည်ပြုဖို့ စတုတ္ထတခွန်းပြောတယ်

ဒါ
မတရားဘူး
ဘယ်လောက် မတရားသလဲ... မတရားဘူးပြောတာတောင် နားမထောင်ကြဘူး။

နောက်ဆုံးတွေ့လိုက်တဲ့ ပင်လယ်

Sunday, September 7, 2008

ပင်လယ်ညနေခင်းဟာ ညှီစော်နံတယ်
ကျေးဇူးပြုပြီး ကမာအကြောင်း စကားမစကြပါနဲ့လား
လှိုင်းပုတ်သံဟာ ငါအလိုမတူတဲ့ စိတ်ကူးတွေကိုသယ်လာတယ်
ပုံကြီးချဲ့ခံစားမိတာလဲ ဖြစ်ချင်ဖြစ်မယ်
အမှန်တကယ် ကြေကွဲစရာလဲ ဖြစ်ချင်ဖြစ်မယ်
ဘယ်သူမှမသိဘူး. . . ပင်လယ်ဟာ မာယာများလွန်းတယ်

ပင်လယ်ဟာ လောဘတွေနဲ့ ညည်းညူနေတယ်
ငါမပါတဲ့အတိတ်တွေ သဲတရှပ်ရှပ်နဲ့ ငါ့ကိုယားယံစေပြီး
အထင်မှားမှု တံလျှပ်တွေက အာရုံကို စပ်ဖျင်းဖျင်းညှဉ်းပန်းတယ်
အမှတ်တမဲ့လိုလိုနဲ့ ချိန်သားကိုက်ရောက်လာတဲ့ အရာရာတိုင်းကို
အရှိန်နဲ့ပြေးပြေးလာပြီး တလျော့လျော့ နောက်ဆုတ်သွားတဲ့ကမ်းနားလှိုင်းဖြူလို
သက်ပြင်းတလူလူနဲ့ ထိုင်ကြည့်နေရ

ပင်လယ်ဟာ ဘွာခတ်တတ်တယ်
စိတ်ကောက်ဟန်ဆောင်ပြီး တစ်က ပြန်ပြန်စတော့
တစစီပြိုကျသွားဖို့ သဲအိမ်တွေကို ခဏခဏ ထထ ဆောက်ကြရ
အချိန်ဆိုတာ မသေမရှင်နှိပ်စက်တတ်တဲ့ ယန္တရားတမျိုးလို့
သဲပြင်ပေါ် ကဗ္ဗည်းထိုးကြရ
မျက်ရည်တွေ ငန်ကျိနေတဲ့ညနေကို ဖျက်သိမ်းပေးဖို့ ငတ်မွတ်မျှော်လင့်ရ

ပင်လယ်ဟာ ဆွဲငင်လွန်းတယ်
ကြိုဆိုသလိုလိုနဲ့ ၀ါးမျိုဖို့ သွားဖြဲစောင့်ခဲ့
ဖြစ်လာသမျှတွေ ဖြစ်မလာသမျှတွေကို ပုံချခံခဲ့
အရာရာအားလုံးကို အဆုံးသတ်ပေးမယ်လို့ မြှူဆွယ်ခဲ့
တလှမ်းချင်းဝင်သွားတဲ့ခြေလှမ်းတွေကို မသိဟန်ဆောင်ပြီး ပြန်လမ်းဖျောက်ခဲ့. . .

ပင်လယ်
. . . . . . . .
. . . . . . . . . . . . . .
ပင်လယ်ဟာ မည်းမှောင်အေးစက်လွန်းတယ်။ . . . . ။

စကားချပ်။ ။ နောက်ဆုံးတွေ့လိုက်တဲ့ဆိုတဲ့ နာမ၀ိသေသနသည်
ပင်လယ်ထဲအပြီးမဆင်းသွားခင် တွေ့လိုက်ရတဲ့ ဟု ဆိုလိုသည်။

ပင်လယ်တွေအများကြီးတွေ့ဖူးတဲ့အထဲက နောက်ဆုံးပင်လယ်ဟု မဆိုလိုပါ။ . . . ။

နားစမ်း

Wednesday, September 3, 2008

ချစ်ဖူး ဖြစ်ဖူး၊ လွမ်းဖူး ကျွမ်းဖူးတဲ့သူကြီးကိုမှ
ရင်ခုန်သံအနုအသစ် ဖြစ်တည်စေလိုတဲ့ မြီးကောင်ပေါက်လို
ရွဲနေ ပြဲနေ၊ လောင်နေ ဟောင်နေတဲ့ ကမ္ဘာကြီးအတွက်
စိမ်းစိုအေးမြ တသသပြုချင်တဲ့ ဆန္ဒတွေက
အားရပါးရကို ရူးတော့တယ် ဟိုး... နှစ်ဆယ်ကျော်စ နှစ်တွေက ပြောပါတယ်။

ဒီလမ်းကိုလျှောက် ဒီတရားကိုပေါက်ခဲ့ပြီးသား ရှေးဆရာ့ဆရာများကတော့
ပြန်မရမယ့် စာရင်း ရှင်းမနေတော့ဘူး အံခွနေပြီတဲ့
ဟုတ်တော့လဲဟုတ်သား လောကဓံနဲ့ လူသား နှစ်ပါးအသွားမှာ
သူက အထက်ရောက်လိုက် ကိုယ်က အောက်ရောက်လိုက်
ကိုယ်ကအောက်ရောက်လိုက် သူက အထက်ရောက်လိုက်
အသက်မပျောက်သရွေ့ ဆက်လျှောက်ကြရတာကို ဘ၀လို့ ဆိုမလား။

ဘာထူးမှာလဲလို့ မေးတတ်တဲ့သူများ များများလာလို့
အချစ်၊ နိုင်ငံရေး၊ အနာဂါတ် အားလုံး ရောတုတ်လုံးချ ဘ၀နဲ့ချီပြီးပြောပြလိုက်မယ်
ဘာမှ တော့ မထူးဘူးပေါ့ ဒါပေမယ့် နားခါးလွန်းလို့ ခဏရပ်စမ်းပါ
မေးနေလို့ ဘာထူးမှာလဲ
ဘာထူးမှာလဲကွာ. . . ။

ဥယျာဉ်မှူးရဲ့ ရတနာ

Monday, September 1, 2008


ကျမက ပန်းရောင်ပန်းပွင့်မဲ့ အပင်၊ အဖြူရောင်ပန်းပွင့်မဲ့ အပင်လို့ လူတွေလက်ညိုးထိုးငြင်းကြရင် ရယ်ချင်လှသည်။ ကျမသည် အ၀ါရောင်ပန်းပွင့်မယ့် သစ်ပင်လဲဖြစ်နိုင်သည် ဒါမှမဟုတ် ဘာပန်းမှမပွင့်မယ့် သစ်ပင်လဲ ဖြစ်နိုင်ပါသည်။ သူကတော့ ဘာပန်းလေးပွင့်ရမယ်နော်လို့ မပြောပဲနဲ့ ရေလေးလောင်းလိုက်၊ ပေါင်းလေးသင်လိုက်၊ တခါတရံတော့လဲ ကျမခြွေချလိုက်တဲ့ သစ်ရွက်တွေကို တယုတယကောက်လို့ တခါတရံတော့လဲ ကြွေကြွေနိုင်လွန်းရယ်လို့ မြည်တွန်တောက်တီးတတ်သည်။

အရိပ်တကြည့်ကြည့်ရှိတဲ့ကြားက ဟိုက ဒီက ပန်းပင်လေးတွေ ပေါင်းပင်လေးတွေ သူ့ဥယျာဉ်လေးထဲမှာ များများလာပါသည်။ ခပ်ရင့်ရင့်ကြမ်းရှရှပေါင်းပင်တွေကိုတော့ သူက နှုတ်တန်နှုတ်၊ နင်းတန်နင်းပစ်လိုက်သော်လည်း အရိုင်းပန်းလေးတွေ၊ နုဖပ်သောပွင့်လွှာလေးတွေကိုတော့ ဂရုမပြုမိသလို သာယာသလိုနှင့် ခေါင်းစဉ်မရှိသော ကွက်လပ်တခုမှာ ၀ိုးတ၀ါးလွှတ်ထားတတ်ပါသည်။ တကယ်တော့ သူလဲ လောကီသားမဟုတ်လား။

တခါတလေ သူကလှမ်းပြီး ပေါင်းသင်ပေးနေတာများ အမှတ်တမဲ့တွေ့မိတဲ့အခါ သူ့ဂရုစိုက်မှုကို ခွဲဝေပေးလိုက်ရတယ်လို့ မနာလိုဖြစ်မိသည်။ အဲဒီ လေတိုက်တိုက် မတိုက်တိုက် ဆတ်စလူးထနေတဲ့ ပန်းပင်ပေါက်စလေးတွေရော၊ အိနြေ္ဒတခွဲသားနဲ့ တပွင့်ချင်းလေးတွဲ့တွဲ့ပွင့်ပြနေတဲ့ ပန်းခြုံလေးတွေကိုပါ မျက်စောင်းနဲ့လှမ်းကြည့်မိပါသည်။ သူတို့တွေကတော့ ခင်မင်ဟန်ပြုတဲ့အပင်နဲ့ မမြင်ဟန်ပြုတဲ့အပင်နဲ့ အမျိုးမျိုးတုန့်ပြန်ကြပါသည်။ တခါမှတော့ သူ့ကို အဲဒီအပင်တွေကို နှုတ်ပစ်လိုက်ပါလားလို့ ပြောမထွက်ခဲ့။ ဥယျာဉ်ကလေးပျိုးထားတဲ့ လူတယောက်မှာ အဲသလောက်တော့ စိတ်ချမ်းသာခွင့်ရှိပါသည်။

တခါတလေ မိုးလေပြင်းထန်လွန်းလို့ သူ့မြေမှာ အံခဲပြီး ပွင့်နေရတဲ့ပန်းလေးတွေ ခေါင်းငိုက်စိုက်ကျနေတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ သနားရပြန်သည်။ ကိုယ်တိုင်မွေးမြူထားတဲ့ ခံစားချက်တွေက ကိုယ့်အရေပြားကိုဖောက်ထွက်လာတဲ့ ဆူးတွေကိုယ့်လည်မျိုပြန်ထောက်ထားမိသလို ပူလောင်လှသည်။

တခါတလေတော့ သူ့ဂရုစိုက်မှုကို ခွဲမပေးချင်ပါ။ ကျမကို ဂရုစိုက်မယ်ဆိုပြီး သူစိုက်ပျိုးခဲ့တာပဲ မဟုတ်လား။ ဟိုအနုတ်စုတ်ကုတ်စုတ် အပင်တွေကတော့ သူ့မြေမှာပေါက်ချင်လှချည့်ဆိုပြီး ရောက်ရောက်လာတဲ့ အပင်တွေဖြစ်သည်။ အဲသလိုတွေးမိတော့ ရေလောင်းပေါင်းသင်ပေးတာတောင် အပွင့်ပွင့်ရကောင်းမှန်းမသိတဲ့ ငါလို နလပိန်းတုံးအပင်နဲ့စာရင် ဘာကလေးဖြစ်ဖြစ်ရအောင်ပွင့်ပြနိုင်တဲ့ အပင်တွေက သာမနေဘူးလားလို့ ပြန်ပြန်ဖြေရပါသည်။

တရက်မှာတော့ ဥယျာဉ်တခုလုံး အိနြေ္ဒပျက်မယ့် ညနေကို သူယူဆောင်လာခဲ့သည်။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ခရီးဝေးတခု သွားရတော့မယ်ဆိုတဲ့ သူ့အသံကိုအကြားမှာ ဖျော့တော့နေပြီဖြစ်တဲ့ နေရောင်အောက်မှာ သစ်ရွက်ကလေးတွေ ညိုးငယ်သွားသည်။ ပန်းပွင့်လေးတွေ နွမ်းလျသွားသည်။ နည်းမျိုးစုံနဲ့ ရှင်းထုတ်နေတဲ့ကြားက ဘေးကပ်ကျန်နေတဲ့ ပေါင်းပင်ရိုင်းတွေတောင် အံ့အားသင့်စွာ တုန်ရီနေသည်။

မနက်ကျတော့ ဆိုနေကျသီချင်းလေးကို ညည်းရင်း သူထွက်ခွာသွားပါသည်။ အဲဒီနောက်ပိုင်းမှာတော့ အဖြစ်အပျက်တွေက စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေလို နေ့ရက်တွေကို မသေရုံတမည်ထုပ်ပိုးလျက် ငြီးငွေ့ဖွယ်တရွေ့ရွေ့သွားနေကြရသည်။ သုံးနှစ်သုံးမိုးပွင့်ပြမယ်ဆိုတဲ့ ပန်းခြုံတွေတောင် ခြောက်ကပ်သွားခဲ့ပြီ။ ပန်းပင်ပေါက်လေးတွေကတော့ လေလွင့်သူလွင့် ကျန်ရစ်သူုကျန်နှင့် ဖရိုဖရဲဆန်လှသည်။ သူကမူးရှူးထိုးနှုတ်ပစ်တုန်းက တဇွတ်ထိုး ပေါက်ပေါက်လာတတ်သည့် ပေါင်းပင်တွေတောင် မျက်စိလည်မလာတော့ ဥယျာဉ်ကဖုန်းဆိုးမြေလို ပြောင်သလင်းခါလုလု ဖြစ်နေသည်။

ဥယျာဉ်ထဲမှာ စည်ကားဖူးခဲ့သည့် ငှက်တေးသံကို မမှတ်မိနိုင်လောက်သည့် ရာသီတညောင်းစာကြာခဲ့ပြီ။ ကျမကို အသက်ရှိသည်ဆိုရုံ ရှိနေသည့် သစ်တပင်အဖြစ် လူတွေကရုဏာသက်ကြသည်။ တချို့ကလဲ ပြုံးကြသည်။ ကျမသည် ရေကြည်ရာမြက်နုပေါက်တတ်သည့် အလေ့ကျအပင်မဟုတ်။ ဒီမြေမှာ ရိုးမြေကျချင်သည့် အပင်ဖြစ်မှန်း ကြုံးဝါးချင်လှသော်လည်း ကျမကိုယ်တိုင်ပင် ဘာပန်းပွင့်မည့် ဘာအပင်မှန်း ကိုယ်တိုင်မသေချာလှ။ သေချာတာကတော့ ကျမစောင့်နေခဲ့ပါသည်။

စောင့်နေခဲ့တယ်ဆိုတဲ့ အသိကလွဲရင် အာရုံအားလုံးသေဆုံးနေသလို စောင့်နေခဲ့ပါသည်။ တမနက်မှာတော့ အဝေးကမြူမှုန်တွေထဲမှာ တစုံတယောက်လှမ်းလာတာကို ၀ိုးတ၀ါးမြင်လိုက်ရသည်။ အဲဒီတေးသွားကို ညည်းလို့ သူပြန်လာခဲ့ပြီ။

…………………………………………

သေဆုံးနေတဲ့နွယ်ပင်တွေ တွယ်ယှက်နေတဲ့ ဥယျာဉ်တံခါးကို သူတွန်းဖွင့်လိုက်ချိန်မှာတော့

သံသရာအဆက်ဆက် သူ့မျက်မှောက်မှာပွင့်ဖို့ ဆုချွေထားသည့် ကျမရဲ့ ပန်းပွင့်တွေ တပင်လုံးဝေနေအောင် ပွင့်လိုက်ပါတော့သည်။

သူက ကျမခြေရင်းအထိ ပြေးလာသည်။ ဗလုံးဗထွေးရေရွတ်နေပုံက မောဟိုက်သံမှာ အပြုံးစွက်လျက်

`အလို… မင်းက ပွင့်မယ့်ပွင့်တော့ ခရမ်းပြာရောင်တွေ တပင်လုံးပါလားကွယ်´