Saturday, August 30, 2008

အသက်ရှူကြည့်တော့ ရေနစ်သလို
မျက်လုံးဖွင့်ကြည့်တော့ လမိုက်ညလို
ဘာရယ်မဟုတ်ရပါဘူး
မနက်ဖြန်အကြောင်း ခေါင်းထဲရောက်လာတာ

ဥာဏ်မမှီတာကို ဇွတ်တွက်ချက်
ဘ၀ဟာ ၀ဋ်ကြွေးသက်သက်ဖြစ်လာတယ်
အဟောင်းပေးမယ် အသစ်ယူမယ်ပေါ့

မနက်ဖြန်မနက်ဟာ ဘာကိုသယ်ဆောင်လာမလဲ
အဆိုးမြင်ဝါဒီရဲ့ ဖြတ်သန်းမှုထဲက သင်ခန်းစာတွေလို
ဒဏ်ရာကိုလက်ညိုးထိုးထိုးပြရင်း မျှော်လင့်ချက်ကိုငြင်းဆန်မယ်

တရေးမှမရပဲ အိပ်မက်ဆိုးကို ယိုးချ ငိုရအောင်ကလည်းမဖြစ်လေတော့
ကြယ်တွေကိုမြိုထားတဲ့ တိမ်မည်းတွေကိုသာကျိန်ဆဲပြီးရင်းဆဲ
မလင်းလက်ရတဲ့အထဲ အေးစက်လှချည်လား. . .

အစစ်မဖြစ်သော၊ ဖန်တီးထားသော

ပညာတွေဘယ်လောက်တတ်တတ်
ဘ၀တပါးကလူကို မီးရှို့ပြီး ရိက္ခာပို့ပေးနေတဲ့ လူတွေလို
ဘာမှမထူးမယ့်လမ်းတွေဖောက်
ခြေထောက်တွေသွေးခြည်ဥအောင် လျှောက်ကြပါစို့

သဘာဝကိုမြတ်နိုးလှချည်ရဲ့
ညောင်ပင်ကိုဝိဥာဉ်ရိုက်ချိုး ပန်းအိုးကလေးထဲ ငါပျိုးထားသလို
တောင်ပံသန်သန်စွမ်းစွမ်းငှက်တွေကို လှောင်အိမ်ထဲထည့် ကျွေးမွေးထားကြ
အသံညစ်ညမ်းနေတဲ့ ကျွန်းပေါ်ကို အသံတွေတင်သွင်းလာကြ
အသံတွေပြိုကျနေတဲ့နေ့နဲ့ညမှာ ရင်ခုန်သံကတော့သေဆုံးသွားရပေါ့
သဘာဝကိုတော့မြတ်နိုးလှချည့်ပါပဲ။

အရသာတစုံတရာ ပေးပါ။ အရသာပေးပါ။
ဗလာသက်သက်မျက်လုံးတွေနဲ့မကြည့်နဲ့
ဆိုင်စား လား ပါဆယ်လားတဲ့ ရွေးချယ်မှုခေါင်းပါးတဲ့ကောင်တွေ
ရှင်သန်နေတဲ့လူတွေကိုတောင် ဘာမှမပေးနိုင်ပဲ
ကဲ..
ဒီ့ထက်ရယ်ရတာတောင် ဒီလောက်ရယ်ရမယ်မထင်ဘူး။

ထွက်ခွာသွားသော

Thursday, August 28, 2008

နှုတ်ဆက်သည်ဖြစ်ဖြစ် မနှုတ်ဆက်သည်ဖြစ်ဖြစ်
ကြယ်သေတစင်းလိုပဲ မလင်းလက်တော့ဘူးရယ်
ဘာကြောင့် မလင်းလက်တော့တာလဲလို့
လိုက်လိုက်တွေးမိခြင်းက
ဒီကဗျာရဲ့ အစ

ကလေးတွေကလဲ ပြန်ပေးပါပြန်ပေးပါနဲ့ ငိုမဲ့ငိုမဲ့
လူကြီးတွေကလဲ တံခါးကိုဖွင့်နားကိုစွင့်လို့
ဒါပေမယ့် ခြေသံသဲ့သဲ့တောင် ယောင်လို့ မကြားကြပါဘူးတဲ့

နေသာဝင်သွားရော
အရာရာတိုင်းဟာ အရာရာတိုင်းနဲ့
ဆုံမှတ်ကလေးတခုမှာ တခါပဲတွေ့တယ်ရယ်လို့
ဘယ်သူမှ ကောက်ချက်မချဝံ့ကြ။ ။

ပျောက်ရှသွားသော ဆုံးရှုံးရသော

Saturday, August 23, 2008

အဲဒီအသံကို အာရုံအငြိမှာ
စိတ်ထဲမှာ ရှိတဲ့၊
ရှိနေမှန်းတောင်မသိတဲ့
ကွက်လပ်တော်တော်များများ ဖြည့်ပြီးသားဖြစ်သွားတယ်

အသွား အပြန်၊ အစုန် နဲ့ အဆန်
ဆုံခဲ့ဟန်ပါပဲ
ခဏလေးရယ်ပေါ့
အသံဆိုတာ စကြာဝဠာကြီး ရှိသ၍ လိုက်ရှာလို့ တွေ့နိုင်သေးသတဲ့

ယုံကြည်ရာတွေ ဘွာခတ်သွားတဲ့ညမှာ
ဝင်္ကပါထဲ အမြဲမိုးမိတဲ့ ရင်ခုန်သံတွေနဲ့
ကမ်းလက်တွေကို တမ်းမက်လို့ ဖျားနာ
အဝေးကြီးက လာခဲ့ရတာ

အဝေးကြီးက လာခဲ့ရတာ
အဝေးကြီးကလာခဲ့ရတာပါ
ခရီးဆုံးမှာ ဒီပုံပြင် ငါပြန်လိုချင်ခဲ့
စိတ်ကူးများနဲ့ အငြင်းပွားနာကျင် ရိုးမြေကျကို ငါယုံချင်တာပေါ့

တသက်နဲ့တခါ မိုက်ကြည့်မယ်လို့ အငိုက်မိခံခဲ့
အလိုက်မသိတဲ့ဆန္ဒများကလဲ အလံဖြူကိုပါယ်ချ
ဒါ ငါ့ဘ၀ပါကွယ် ယဇ်ပလ္လင်ပေါ်ပစ်တင် ပူဇော်အထားမှာ
ကရုဏာအားဖြင့် ပြန်ကောက်ပေးမိမှာစိုးသတဲ့
တန်ခိုးရှင်တပါးက စနစ်တကျချိုးဖဲ့ဖျက်ဆီးသွားခဲ့တယ်

Heavenly Fantasy

.

ရထားကလဲလူပြတ်လိုက်တာ။ ဘယ်နှဘူတာစီးရဦးမှာပါလိမ့် မြေပုံကိုကြည့်လိုက်တော့ ၂ဘူတာလိုသေးတယ်။ မြေအောက်ဘူတာမှာရထားကပျင်းရိပျင်းတွဲရပ်သွားတယ်။ ဟင်. . ၀င်လာတဲ့မိန်းမနဲ့ ငါနဲ့အင်္ကျီတူနေပါလား။ အနက်ရောင်။ တယောက်ယောက်ကသူ့ကို မင်းလည်ပင်းဟိုက်လိုက်တာကွာလို့ မပြောဘူးလားမသိ။ ပြောချင်မှလည်း ပြောမှာပေါ့လေ။

အဲဒီမိန်းမကလဲ ထိုင်စရာဒီလောက်ပေါတာကို ငါ့နားလာထိုင်တယ်လို့။ ဟင် ရေမွှေးနံ့ကတူနေပြန်ပြီ။ ကိုယ်နဲ့အ၀တ်အစားဆင်တူ ရေမွှေးနံ့ဆင်တူမိန်းမကြီးနဲ့ တခရီးထဲသွားနေရတယ်လို့ မအီမလည်ကြီးခံစားရတာကိုက မိန်းမဖြစ်ခြင်းရဲ့ ပြသနာပဲနဲ့တူပါရဲ့။ နေရာရွှေ့လိုက်တော့လဲ မကောင်းပါဘူး။ သူ့ဆံပင်တွေကျောပေါ်ဝဲနေတာကြည့်ပြီး ဆံပင်ရှည်ထားပါလားကွာဆိုတဲ့ အသံတသံကိုကြားယောင်သွားပြန်ရော အားကျသလိုလို မနာလိုသလိုလို အားငယ်သလိုလို ဆံပင်တွေကလည်းမရှည်နိုင်ဘူးကွယ်….

ဆင်းရမယ့်ဘူတာရောက်တော့ စိတ်ကပေါ့ပါးသွားတယ် ခပ်သွက်သွက်ဆင်းလိုက်တော့ မျက်လုံးထောင့်ကနေ ဟိုမိန်းမပါဆင်းလာတာတွေ့တယ်။ ဟင်း တူပဲတူနိုင်လွန်း မြို့လည်ခေါင်ကြီးကိုလူပြတ်လိုက်တာနော်။ သွားနေတဲ့လူတွေကလည်း မျက်နှာသေတွေနဲ့အသံတိတ်သွားနေကြတယ် ဘယ်လိုနေရာကြီးလဲမသိဘူး။

ဟောတွေ့ပြီ ပြပွဲလုပ်မယ့်နေရာ အဆောက်အဦးကြီးက မည်းမည်းကြီး မြင့်လိုက်တာ အထပ်၂၀ထိသွားရမှာပါလား။ ဓါတ်လှေကားထဲဝင်လိုက်တော့ ဟိုမိန်းမကလှစ်ကနဲ့ဝင်လာတယ်။ ပြုံးပြတာလား သူ့ဘာသာပြုံးနေတာလား မျက်မှန်နက်ကြီးနဲ့ဆိုတော့ ဘယ်ကိုပြုံးပြနေမှန်းမသိ။ ဟော ပြုံးပြန်ပြီ မျက်မှန်ကြီးချွတ်လိုက်တော့မှ ကိုယ့်ကိုပြုံးပြနေမှန်းသိတော့တယ်။ သူ့အပြုံးက ကရုဏာပြုံးလိုလို လှောင်ပြုံးလိုလို။ မျက်ခုံးလေးကလှလိုက်တာ ပါးပါးမျှင်မျှင်လေး တကယ့်မိန်းကလေးမျက်ခုံး။

သူက လယ်ဗယ်တွမ်တိကို သွားမှာလားတဲ့ ဟင် မြန်မာစကားပြောတယ်ဟ။ ဟုတ်တယ်လို့။ တို့လည်း အဲဒီကိုသွားမှာတဲ့ ။ ပန်းချီပြပွဲသွားမလို့ပါလို့။ သူက ပြုံးတယ် မျက်မှန်ကိုပြန်တပ်တယ်

`တို့က ပန်းချီဆရာဆီသွားတာ´ တဲ့လေ

ဟင်ဆိုတဲ့အသံကြီးက စိတ်ထဲမှာမြည်ပြီး လည်မျိုထဲမှာပဲ့တင်ထပ်နေတယ်။ ရေဆာလိုက်တာ။ ဓါတ်လှေကားက ကြာလှချည်လား။

ကဲ ရောက်ပြီ။ ဟာ ဒီပန်းချီကားတွေက တခါမှလည်း မမြင်ဖူးပါလား။ နေရာမှားလာပြီထင်တယ်။ ပန်းချီကားကလည်း မိန်းမပုံတွေချည်းပဲ။ ဟယ် ဟိုမိန်းမပုံတွေပါလား။ ပါးစပ်အဟောင်းသားနဲ့ကိုယ့်ကို ပုခုံးတွန့်ပြပြီး အဲဒီအမျိုးသမီးက နွဲ့နွဲ့နှောင်းနှောင်းလျှောက်သွားတယ်။ ဘေးဖက်အကန့်လေးဘေးကနေ ပန်းချီဆရာ ထွက်လာတယ်။ မုန်တိုင်းကျမလို အုံ့မှိုင်းနေရာက နေသာလာသလို စိတ်သက်သာရာရသွားပြီး လှမ်းခေါ်မလို့ပါးစပ်အဟပဲရှိသေး ဟိုအမျိုးသမီးက လျှောက်သွားတယ်။ လက်တဖက်ကို ပန်းချီဆရာပုခုံးပေါ်လှမ်းတင်တယ် ပြီးတော့ အင်္ဂလိပ်ကားဇာတ်ပေါင်းခန်းလို သူတို့နမ်းကြတယ်။

ဟာ. . . အထပ် ၂၀ကနေ လွင့်ကျသွားတယ်။ ဒါပေမယ့် အောက်ကို မရောက်ဘူး မဆုံးတမ်းကျနေတယ်။ အလင်းရောင်တွေပျောက်သွားပြီ အေးစက်လှချည်လား လိပ်ပြာလွင့်တယ်ဆိုတာ ဒါမျိုးလားမသိဘူး။ ဒါပေမယ့် ကိုယ့်ဇာတ်လမ်းမှာ ကိုယ်က ဇာတ်လိုက်ဖြစ်နေသေးတော့ ဖုန်းကမြည်လာတယ် မက်ထရစ်ဇာတ်ကားလိုပဲ ဖုန်းကိုင်လိုက်တယ် ကန့်လန့်ကာတွေအပြည့်ချထားတဲ့ အခန်းထဲက ကုတင်လေးပေါ် ရောက်နေတာပါလား။

`ဟဲလို´ ဆိုတဲ့ အသံသြသြကိုအကြားမှာ ဟိုဆံပင်ရှည်နဲ့အမျိုးသမီးကိုမေ့သွားပြီ။ မြေအောက်ဘူတာကိုမေ့သွားပြီ အထပ်၂၀ကိုမေ့သွားပြီ။ ဒီအခန်းထဲမှာတော့ ဆံပင်တိုတိုနဲ့ အမျိုးသမီးတယောက် ပြုံးလို့ ခေါင်းအုံးကိုဖက်လို့ ကော်ဖ်ီကို တငုံချင်းသောက်လို့ ...

ခန်းဆီးတွေအကုန်ဆွဲဖွင့်လိုက်တယ် အပြင်မှာ နေရောင်တွေတောက်ပလို့ ဟင်း... လောကကြီး တယ်လှပါလား။ ။


မှတ်ချက်။ ။ Julyလတွင်ရေးသည်။ နေ့ရက်မမှတ်မိ။

တို့မြေ

Friday, August 22, 2008

အိမ်ကိုအိပ်မက်
အိပ်မက်ကိုပွေ့ဖက်
ပွေ့ဖက်မှုတွေမှာ လစ်ဟာပျောက်ရှ
ညတာတွေရှည် ခရီးတွေရှည်တယ်

ဘ၀ဆိုတာ လေမွှေသမျှ လွင့်ရတဲ့သစ်ရွက်သာသာ
ဘ၀တွေဟာ နေပူသမျှ သွေ့ရတဲ့သစ်ရွက်သာသာ
ဘ၀ တိုင်းဟာ မိုးရွာသမျှ စွတ်စိုရတဲ့ သစ်ရွက်သာသာ
တဖွဲဖွဲကြွေ
တလေလေလွင့်
တညစ်ညစ်ပေလို့


ဘယ်အချိန်ဆုံမှာလဲ
ဘယ်အချိန်ဆုံမှာလဲ
ဘယ်အချိန်ဆုံမှာလဲ
ချိန်းဆိုတိုင်းပျက်ကွက်တဲ့ ကောင်းချီးမင်္ဂလာများ
တသက်တခါ ပြည့်ပါရစေလား
တတွတ်တွတ်ဆိုတဲ့တောင်းဆုများသာ တိုးတိတ်သွား
ဘ၀များ ဘ၀များဟာ ဆွေးမြည့်ကြေမွ
နေ၊လေ။ဥတုတွေက
အေးစက်လွန်းလှတယ် မာကျောလွန်းလှတယ်
အစိမ်းသက်သက်ဖြစ်လွန်းလှတယ်

လူတွေက အိမ်ပြန်မလာကြဘူး
အိမ်ကလည်း ပြန်မလာဘူး
ပြန်လမ်းကလည်း ပြန်မလာဘူး
ကျောခိုင်းကြည့်လိုက်တိုင်း
ခြောက်ခြားလောက်အောင် ပြောင်သလင်းခါနေတော့တာ။ . . . . ။