နောက်သလိုဖြစ်နေပြီ

Saturday, December 13, 2008

ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိတ်သိမ်းကြမှာလဲ
ဘာမှမလုပ်နိုင်တဲ့သူတွေ စဉ်းစားဟန်ဆောင်နေရတာနဲ့ပဲ
အဆိုအမိန့်တွေ ခမ်းကြီးခမ်းနားဖြစ်လို့

ဒီလိုပုံစံနဲ့ပဲ တချို့စက္ကန့်တွေပြုန်းတီးသွားရလို့
တချို့စက္ကန့်တွေကို ဖြုန်းတီးပစ်လိုက်တယ်
ကျေရောပေါ့ကွာ

အတိတ်ဆိုတာ ကဗျာဖွဲ့လို့တော့ အကောင်းသား
တကယ်လွမ်းသလားမလွမ်းသလား
အဖြေမကြားချင်လို့ မေးမထားမိဘူး
ဒီလိုလဲ ကိုယ့်ဘာသာလွတ်ငြိမ်းချမ်းသာခွင့်ကလေးနဲ့

ပုဂံတချပ်ပေါ်က မြေပဲစေ့အချင်းချင်းတောင် ထိမိဖို့ခက်နေမှတော့
ဒီကမ္ဘာမြေကြီးက ကျဉ်းတယ်ဆိုတဲ့ ဆုန်သင်းပါရ်သီချင်း
မင်းမဆိုဖြစ်တာ ကြာပြီမဟုတ်လား

1 Comment:

မယ်ကိုး said...

ဒီကဗျာလေး သဘောကျနေတာ မအမရာ ဘလော့မှာ တွေ့ ကတည်းက ...
ပုဂံတချပ်ပေါ်က မြေပဲစေ့အချင်းချင်းတောင် ထိမိဖို့ခက်နေမှတော့... ဆိုတဲ့ နေရာလေး အကြိုက်ဆုံးပါ။