Tuesday, November 4, 2008
လေတွေအရမ်းတိုက်နေတယ်
မူလအသိစိတ်နဲ့ မျက်မှောင်ကိုကြုံ့ထားကြ
အရောင်တွေလား အတိတ်တွေလား အမှောင်တွေလား အရိပ်တွေလား
တထိတ်ထိတ်နဲ့စူးစိုက်ကြည့်လဲ
သူရဲဘောကြောင်လွန်းတဲ့မျက်ခွံများ ခဏခဏ ပြိုကျကာဆီးတော့
အားလုံးက ပြတ်တောင်းပြတ်တောင်း
လေတွေအရမ်းတိုက်နေတယ်
လှိုင်းတွေ အမြန်အဝေးကြီးပြေးတယ်
သတင်းစကားတွေ ရောထွေးသွားပြီ ပုံပျက်သွားပြီ
ကြားယောင်သမျှကို နားယောင်မိပေါ့
နားထောင်လဲ ဘာမှမသဲကွဲဘူး
ကြားသလားဆိုတဲ့အမေးကလွဲလို့ ဘာမှမကြားလိုက်ရဘူး
အားလုံးသွေးပျက်နေကြပြီ
လေတွေအရမ်းတိုက်နေတယ်
ရပ်တည်မှုတွေအားလုံး မခိုင်မြဲဘူး
ခုရပ်နေတယ် ခနနေပြိုလဲသွားကြပြန်ရော
ကြောက်စိတ်ကြောင့်လား လေတိုက်နှုန်းကြောင့်လား
စိတ်ယိုင်လို့လား ခြေမခိုင်လို့လား
သူ့ဆီကလား ငါ့ဆီကလား ခမ်းကြီးခမ်းနား အိပ်မက်စတွေတောင် ပုံပျက်ပန်းပျက်ပါသွားကြ
သေချာတာကတော့ လေတွေအရမ်းတိုက်နေတယ်
သေချာမှုတွေအားလုံးကို ဆွဲခါတော့မယ့်လေတွေ ... လေတွေ အရမ်းတိုက်နေတယ်
အမှောင်ထဲကျန်ရစ်တဲ့ ငါ့အခန်းလေးလဲ လွမ်းနေမှာပဲ လေတွေအရမ်းတိုက်နေတယ်
ကမ္ဘာတခြမ်းက အချစ်လဲချမ်းနေမှာပဲ လေတွေအရမ်းတိုက်နေတယ်
ပျက်ပြယ်သွားတဲ့ အရာရာကိုထမ်းပိုးသယ်ဆောင်ဖို့ လေတွေအရမ်းတိုက်နေတယ်
2 Comments:
လေတွေ အရမ်း တိုက်နေတယ်...။ :)
လေတွေအရမ်းတိုက်နေတယ်.....
ကမ္ဘာတခြမ်းကအချစ်လဲချမ်းနေမှာပဲ.....
ကြိုက်တယ်.....
Post a Comment