Burial At Sea

Thursday, October 2, 2008


ပင်လယ်တွင် မြှုပ်နှံခြင်းလို အနက်ရောင်တွေ ရောင်ပြန်တလက်လက်

ကြည့်စမ်း ဒါတောင် Burial at Sea အစစ်မဟုတ်ဘူး။ နောက်ကိုတလှမ်းဆုတ်ကြည့်မိသည်။ ဟုတ်တယ် အနက်ရောင်ဟာ အတော်ကြေကွဲစရာကောင်းတာပဲ မျှော်လင့်ချက်မရှိတာ လမ်းဆုံးသွားတာ မြှုပ်နှံခံလိုက်ရတာ . . . အို… ကြေကွဲစရာ။

နောက်တလှမ်း ထပ်ဆုတ်လိုက်ရာ တစုံတယောက်ကို တိုက်မိသည်။
စိတ်မရှိပါနဲ့နော်
ရပါတယ်ဆိုတဲ့ သဘောနှင့်လက်ကာပြပြီး ခပ်သုတ်သုတ်ထွက်သွားသည်။ ပြီးတော့ ချာကနဲ ပြန်လှည့်လာသည်။ ပါးစပ်ကို အားကနဲအော်ဟန်ပြုသည်။ အသံကားမထွက်

ခြေလှမ်းစိတ်စိတ်ကို မြန်မြန်လှမ်းပြီး ခွာသံတခွပ်ခွပ်နှင့် အနားရောက်လာသည်။ လက်ကိုဆွဲခါသည်။ သူငယ်ချင်း နေကောင်းတယ်နော် ဆိုတဲ့စကားကို သူတတ်သမျှ ဘာသာတွေနှင့် အော်နေသည်။ သူ့အသံကိုကြားမှ မှတ်မိသွားသည်။ နောက်တော့ ပန်းချီကားကို ဖီလင်အပြည့် ဟိတ်ဟန်ထုတ်ပြီး ငြိမ်သက်ချင်ဟန်ဆောင်ပြီး ကြည့်နေရသော မျက်နှာကဘယ်လိုမှ တည်လို့မရတော့ လူများမောင်းမထုတ်ခင် ထွက်လာခဲ့ကြသည်။

သူငယ်ချင်းက တခြားသူကြားရင် အတင်းလို့မှတ်ချက်ချနိုင်တဲ့ စကားတွေကို တတွတ်တွတ်ရင်ဖွင့်နေသည်။ ကျမကတော့ ခေါင်းတညိတ်ညိတ် အေးလေ ခေါင်းမညိတ်လို့ ဘာများပြောတတ်တာကျလို့

နင်စဉ်းစားကြည့်ပါဦး သူ့တုန်းကလဲ ဒီလိုပဲလုပ်လာရတယ်တဲ့ သူ့ခလှည့်တုန်းကလုပ်လာရရင်ကိုယ်ချင်းစာပါ့လား ခုတော့ ငါ့မှာ ကလေးကတဖက် သူ့ပညာရှိနည်းနဲ့ခိုင်းတာတွေတဖက် အလုပ်ကသွားရသေးတယ် သူတို့ခေတ်နဲ့တူတာမဟုတ်ဘူး သူတို့ခေတ်က ယောက်ျားကအလုပ်လုပ် မိန်းမကအိမ်ထောင်မှုလုပ် ယောက္ခမအုပ်ထိန်းမှုအောက်မှာနေ ဒါပဲ။

ကော်ဖီသွားသောက်မယ်လို့ လက်ဆွဲခေါ်လာပြီး စကားတွေရေပက်မ၀င်အောင်ပြောပြီး သူ့ရှေ့ကကော်ဖီခွက်ကို တငုံသာသောက်ရသေးကြောင်း သတိထားမိသည်။ သူက သ သံကို ဇသံနဲ့အစားထိုးပြီး ပြောနေတုန်းပဲ။ The Sea ဆိုရင် ဇ ဆီး လို့ အသံထွက်တာမျိုး။ တချိန်တုန်းက excursion တခုမှာ သူ့လေသံဝဲတာကို လိုက်တုပြီး ဟာသလုပ်ဖူးသည်။ စိတ်မဆိုး။ သူစိတ်ဆိုးနေတာလဲ တခါမှမတွေ့ဖူးခဲ့။ အခုတော့ စိတ်ဆိုးတာလား စိတ်ပျက်လက်ပျက်ဖြစ်နေတာလား မသိနိုင်ချေ။

နင်ရော ပန်းချီဆွဲစရာ ပင်လယ်ကြီးရှာတွေ့ပြီလား ဆိုပြီး လွန်ခဲ့တဲ့ ၃နှစ်က ဟာသကို အစဖော်သည်။ နင်ရော လို့ မေးခွန်းကိုပြန်လှည့်ပေးလိုက်သည်။ ငါလား အကုန်လုံးပင်လယ်မှာ မြှုပ်လိုက်ပြီ တဲ့လေ။ အိုး . . . ဇ ဆီး ထဲရောက်ကုန်ပြီပေါ့ ဟု နောက်လိုက်သည်။ ဘာမှန်းမသိ William Turner ကိုသတိရသည်။ ပင်လယ်မှာမြှုပ်နှံလိုက်ပြီ ဆိုပါလား။

နင်ဒါတောင် ပန်းချီကားလာကြည့်နိုင်သေးတယ်နော်။
အမှန်ပြောရရင်တော့ ဘေးက ကိတ်မုန့်ဆိုင်မှာ ကလေးနဲ့ ကလေးအဖေအတွက် ကိတ်မုန့်လာဝယ်တာ။

သူနဲ့ လမ်းခွဲလာပြီးမှ စိတ်ထဲမှာ အနက်ရောင်တွေစွန်းနေသလို အသက်ရှူကြပ်လှသည်။

ကိုယ့်အလှည့်တုန်းက ခံစားထားရလို့ နောက်လူတွေကိုလဲ စိတ်ချမ်းသာခွင့် မပေးနိုင်ဘူးဆိုတာကတော့ တော်တော်ကျဉ်းမြောင်းတဲ့သဘောထားပါပဲ။ အဲဒီသဘောထားကြီး ခေတ်စားနေသရွေ့ ဘယ်သူတွေဘယ်လောက် ထပ် နာကျင်ရဦးမလဲမသိဘူးကွယ်… Peace ဆိုပါလား William Turner ရယ်။ အိမ်အပြန်လမ်းကတော့ ပင်လယ်ထဲ တရွေ့ရွေ့ဆင်းသွားသလို မှောင်လို့ နက်လို့ အေးစက်လို့ . . . .

မှတ်ချက်။ ။ အပေါ်ဆုံးက ပုံက William Turner ရဲ့ Peace: Burial at Sea
(1842; Oil on canvas) ပါပဲ။

0 Comments: