လာသွားတဲ့ ဧည့်သည်

Monday, October 13, 2008

ငါမသိတဲ့ နံရံတွေနောက်ကို
ယုန်သူငယ်လို နားမစွင့်ထားချင်ဘူး
ဒီလို နားတွေ နားသွားတဲ့ညပေါ့
မှောင်ချထားတဲ့ ခန်းဆီးကြားကနေ
အရိပ်ဟာ တွားသွားဝင်လာတယ်

လှုပ်လို့မရတဲ့ လက်တွေနဲ့ လှမ်းမတားချင်ဘူး
ကယောင်ကတမ်းသွေးပျက်တမ်းကစားဖို့ကလဲ
လရောင်ကို စွပ်စွဲမလား ညအမှောင်ကိုစွပ်စွဲမလား
ပြုံးဖြဲထားတဲ့ ရွေ့လျားမှုနဲ့ အရိပ်ဟာ ချိတ်ထားတဲ့စိတ်ပေါ်တက်အိပ်တယ်

အရိပ်ဟာ ထိကပါးရိကပါးရယ်သွမ်းသွေးတယ်
ဘယ်သူမှ လာမခံစား
ငရုတ်ကောင်းများသွားတဲ့ မုန့်ဟင်းခါးတအိုးအကြောင်းဖြစ်မယ်
ဘယ်သူမှ မစွက်ဖက်
ခဲဖျက်မရှိလို့ အမှောင်တွေကွက်နေတဲ့ ခဲခြစ်ပုံကြမ်းအကြောင်းဖြစ်မယ်
ဘယ်သူမှ သတိမရ
အမိအဖစာလုံးပေါင်း ဓါတ်ပုံမှတ်တမ်းတွေအကြောင်းဖြစ်မယ်

ချစ်ခြင်းတရားနဲ့အတွေ့မှာ
ငါဟာ ငါ့ကိုယ်ငါပြန်စိုက်တဲ့ မျှားတစင်းဖြစ်ခဲ့ပြီလို့ ပေါတောတောအစချီထားတဲ့
မပေးလိုက်ရတဲ့ ရည်းစားစာအကြောင်းဖြစ်မယ်

ညစ်ပတ်နေတဲ့စိတ်အတွန့်အခေါက်ကြား
အရိပ်ဟာ ရွံရှာဟန်ဆောင်ပြီး သာယာစိတ်နဲ့ထိပါး လျှောက်သွားနေတယ်
အတွေးစတိုင်းကို သိုးမွေးလုံးလိုကုတ်ခြစ်ပြီး အစရှာတယ်
အရိပ်ဟာ ငါ့ကိုနှိမ်ချင်လို့ စိတ်ပေါ်မှာတကွေ့ ကွေ့တိုင်းဟားနေတယ်
ဒီအချိန်ဆို လက်သည်းခွံလောက် အမာရွတ်ကလေးလဲ ချမ်းနေမှာပဲ ဆိုလဲဟားကွက်
ဘယ်တော့မှမထွက်တဲ့ ပေါက်ဂဏန်းဟာ ပန်းသီးတလုံးဖြစ်တယ်ဆိုလဲ ဟားကွက်

မတွေးရဲဘူးလို့ထင်ရတဲ့ အတွေးမည်းမည်းတွေကိုလဲ ခပ်သည်းသည်းရမယ်ရှာ
ထွက်ပေါက်မရှိတဲ့အထာနဲ့ အရိပ်ဟာ
စိတ်မှာ ကပ်ပါးလို တညလုံးကိုတွယ်နေရော
ဒါပေမယ့် ရောင်နီအလာမှာ
အရိပ်ဟာရေမြွေလို လျှောကနဲထွက်ခွာသွားတယ်
ငါလဲ တိုက်ပွဲရာသီအစဲမှာ တဖက်ရန်သူကိုလွမ်းနေတဲ့ စိတ်မျိုးတွေနဲ့
ပျင်းတွဲ့တွဲ့ ထ လာရတော့တာပဲ

2 Comments:

Apprenticeship said...

အဆင်ပြေပါစေကွာ...

အမရာ said...

ဟန်နီရဲ့လာသွားတဲ့ဧည့်သည်ကို
ကြိုက်တယ်..............