ချစ်သူပေးသော အိပ်မက်လရောင်

Friday, October 3, 2008

Gustav Klimt (1862- 1918) ရဲ့ ကားတွေကို ဘာကြိုက်တာလဲလို့ မေးရင် အိပ်မက်ဆန်လို့လို့ပဲဖြေရတော့မှာပဲ။ သူ့ပန်းချီကား တော်တော်များများမှာ မိန်းကလေးတွေဟာ မျက်လုံးတွေမှိတ်ထားတာကိုလဲ သဘောကျတယ်။ ပန်းချီကားတွေ ကဗျာတွေထဲမှာမှ မျက်လုံးတွေကိုမှိတ်ထားခွင့်မရှိရင် အိပ်မက်ဆန်ခွင့်မရှိရင် ဒီအေးစက်စက် ကမ္ဘာလောကကြီးမှာ ဘယ်နေရာသွား စိတ်ကူးယဉ်ရပါ့



အပေါ်က The Kiss (၁၉၀၇- ၁၉၀၈) ကိုပဲကြည့်။ ပန်းမွေ့ယာ၊ ရွှေကော်ဇောဆိုတဲ့ မြန်မာစကားကို သတိမရပေဘူးလား။ ချစ်ခြင်းတရားနဲ့ အနုပညာမှာ လက်တွေ့ကျကြောင်း သက်သေပြစရာမလိုဘူး။ လိုတယ်လို့ ယူဆရင် ခံစားချက်တွေကို စွန့်လွှတ်လိုက်တော့။ အာရုံခံစားမှုတွေကို Oil on canvas နဲ့ ဖမ်းဆုပ်ရေးဆွဲထားတာနော်။ လက်ဖျားခါလောက်တယ်။

ပြီးပြည့်စုံလှတဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ The Kiss ကို ဆွဲတဲ့ Gustav Klimt က ဗီယင်နာ ခေတ်သစ်အနုပညာအုပ်စုကပါ။ ခုထိလဲ အဲဒီကား မူရင်းက ဗီယင်နာမှာလို့ ထင်ပါတယ်။ (ထင်တာနော် မသေချာဘူး) စိတ်ကူးယဉ်ပြီး အထပ်ထပ်ကြည့်ထားတဲ့ပုံက အာရုံထဲမှာ သိပ်ကိုလှနေတော့ အပြင်မှာလဲ မမြင်ချင်ဘူး။ တကယ့်လက်တွေ့လောကကြီးက ရက်စက်တတ်တယ်မဟုတ်လား။

တကယ်တမ်း အိပ်မက်ပန်းချီဆရာဆိုပြီး နံမည်ကျော်လာတာက Henri Riuseau (1844-1910) ပြင်သစ်ပန်းချီဆရာ ရူးဆိုးရဲ့ The Dream ဆိုတဲ့ ကားကတော့ အိပ်မက်ကို လက်တွေ့ဘ၀ထဲ ဆွဲသွင်းလိုက်ပြီ။ အိပ်မက်ဟာ မှော်ဆန်လှစွာ ဘ၀ကို ၀ါးမြိုသွားပြီ။



အဲဒီကား မတိုင်ခင် ၁၈၉၇က ဆွဲခဲ့တဲ့ ရူးဆိုးရဲ့ The Sleeping Gypsy ကိုပါ တင်ပေးလိုက်ပါတယ်။ ဘာလို့ တခုတ်တရညွှန်းနေရသလဲဆိုတော့ လရောင်ပါတဲ့ Oil on Canvas ဖြစ်နေလို့ပါ။


ဂျပန်ကဗျာတပုဒ် (ရေးသူကိုမေ့နေ)မှာ ဒီလိုဆိုတယ်

လရောင်အောက်မှာ
လမ်းလျှောက်နေရင်း
ချစ်သူကို အိပ်မက်တယ် …. တဲ့

မဖြစ်နိုင်တာတွေ ပေါင်းဆုံလာတဲ့အခါ သိပ်ကိုလှတာပဲ။ အထူးသဖြင့် ရှေ့ဆက်မသွားပဲ အဲဒီ ကာလလေးကို ဖမ်းဆုပ်ထားရင်ပေါ့။ ဘယ်ဖြစ်နိုင်မလဲ . . . ဟုတ်လား။ သက်သေပြဖို့ လိုအပ်တယ်လို့ ခံစားရရင်တော့ လွှင့်ပစ်လိုက်တော့ . . .


2 Comments:

အမရာ said...

ပန်းချီကားတွေနဲ့ပါတ်သက်ရင်
သေချာမခံစားတတ်ပေမယ့်.............
ပုဂ္ဂိုလ်စွဲအနေနဲ့ပဲပန်းချီကားတွေကိုစူးစူး
စိုက်စိုက်ကြည့်ပြီးစကားလုံးတွေကိုဝါးမျိုသွားတယ်။

Apprenticeship said...

အတော်ကဗျာဆန်နေပါလား Honeyေ၇....