မိသားစုဝင် အသစ်

Tuesday, September 23, 2008

ကိုယ်မမြင်ဖူးပေမယ့် နံမည်ကြားတာနဲ့ချစ်သွားရတဲ့ ခွေးကလေးတကောင် အိမ်ကိုရောက်နေပါတယ်။ အမက ခွေးလေးက စက်တင်ဘာမှာမွေးလို့ လောလောဆယ်မိုးပြာလို့ပေးထားတယ်တဲ့ ... အဲဒီမှာ စက်တင်ဘာဆို ကောင်းကင်က စ ပြီးပြာနေပြီလေ။ (နိုဝင်ဘာလောက်ဆို မိုးကောင်းကင်က အရမ်းကိုပြာပြီး သန့်နေတော့တာ။)

နင်ဒေါ်လီလို့ခေါ်ချင်ရင် နံမည်ပြောင်းလိုက်မယ်လေတဲ့။ အဲလိုတော့မလုပ်ရက်ပါဘူး။ ကိုယ့် အတိတ်က အမှတ်တရတွေအတွက် စိတ်ဖြေဖို့သက်သက် တခြားတယောက်ကို ကြိုက်ရာနံမည်တတွင်တွင် မခေါ်ချင်ပါဘူး။ ဘယ်လောက်အတ္တကြီးရာရောက်သလဲလို့။

သတ္တ၀ါတကောင်ကောင်ကို သံယောဇဉ်ထားတော့မယ်ဆိုရင် ရိုးသားနိုင်သလောက် ရိုးသားတာကောင်းတယ်။ ခွေးလဲ အသက်ရှိတာပဲ။ ခံစားတတ်တာပဲ။ (လူဆို ပိုဆိုးသေးတယ်။ မပြောချင်ရင်သာနေမယ် ခံစား သိနဲ့သိနေမှာပေါ့)

ဘာမှမသိပဲရောက်လာတဲ့ ခွေးကလေးကို ဒေါ်လီနဲ့တူရမယ် ဒေါ်လီထက် ကောင်းရမယ်လို့ မတောင်းဆိုရက်ပါဘူး။ တကယ်စိတ်ထဲကမပါပဲ သိပ်ချစ်တာပဲ မိုးပြာလေး သည်းတုံးလေးလို့ မပြောဘူး။ သူမလုပ်တဲ့ အပြစ်တွေကို အကြောင်းပြပြီး ကိုယ့်အတ္တကိုအရောင်မတင်ဘူး။ နင့်ထက်သာတဲ့ခွေး မွေးနိုင်တယ်လို့ ဆိုပြီး ဘာမှရွေးချယ်ခွင့်မရှိတဲ့ခွေးကို မနှိမ်ဘူး။

မိုးပြာလေးကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်ချင်ပါတယ်။ စိတ်ရော ကိုယ်ပါ လုံခြုံနွေးထွေးအောင် စောင့်ရှောက်ချင်ပါတယ်။ သနားလို့ခေါ်မွေးထားတာဆိုပြီး ခပ်ကြောကြောပြောတတ်တဲ့ ကြီးမိုက်ကြီးမဖြစ်ချင်ပါဘူး မိုးပြာလေးရယ်။ ။

2 Comments:

Mhu Darye said...

်အံကိုက်ပဲ....။ လာလည်ဖြစ်တဲ့အချိန်နဲ့ ခံစားချက်နောက်တစ်အိတ် ကွဲလာကြချိန်နဲ့....။ စာကိုလည်း ဖတ်သွားတယ်။ လူကိုလည်း ပွေ့ဖက် နှုတ်ဆက်သွားတယ်..။ အဆင်ပြေအောင် နေတတ်တယ်ဆိုတာ သိလျှက်၊ “အဆင်ပြေပါစေ” လို့ထပ်ဆုတောင်းသွားပါတယ်....။

အမရာ said...

ဒါလေးလဲကောင်းတယ်..........
အမရာကဒီလိုအတွေးတွေကိုပိုလေးစားတယ်.....
အားနေအတ္တကြီးနေရတာ....ကိုယ်တိုင်လည်းပင်ပန်း
ပါတယ်....ပေါ့ပေါ့ပါးပါးပဲပေါ့......