ဥယျာဉ်မှူးရဲ့ ရတနာ

Monday, September 1, 2008


ကျမက ပန်းရောင်ပန်းပွင့်မဲ့ အပင်၊ အဖြူရောင်ပန်းပွင့်မဲ့ အပင်လို့ လူတွေလက်ညိုးထိုးငြင်းကြရင် ရယ်ချင်လှသည်။ ကျမသည် အ၀ါရောင်ပန်းပွင့်မယ့် သစ်ပင်လဲဖြစ်နိုင်သည် ဒါမှမဟုတ် ဘာပန်းမှမပွင့်မယ့် သစ်ပင်လဲ ဖြစ်နိုင်ပါသည်။ သူကတော့ ဘာပန်းလေးပွင့်ရမယ်နော်လို့ မပြောပဲနဲ့ ရေလေးလောင်းလိုက်၊ ပေါင်းလေးသင်လိုက်၊ တခါတရံတော့လဲ ကျမခြွေချလိုက်တဲ့ သစ်ရွက်တွေကို တယုတယကောက်လို့ တခါတရံတော့လဲ ကြွေကြွေနိုင်လွန်းရယ်လို့ မြည်တွန်တောက်တီးတတ်သည်။

အရိပ်တကြည့်ကြည့်ရှိတဲ့ကြားက ဟိုက ဒီက ပန်းပင်လေးတွေ ပေါင်းပင်လေးတွေ သူ့ဥယျာဉ်လေးထဲမှာ များများလာပါသည်။ ခပ်ရင့်ရင့်ကြမ်းရှရှပေါင်းပင်တွေကိုတော့ သူက နှုတ်တန်နှုတ်၊ နင်းတန်နင်းပစ်လိုက်သော်လည်း အရိုင်းပန်းလေးတွေ၊ နုဖပ်သောပွင့်လွှာလေးတွေကိုတော့ ဂရုမပြုမိသလို သာယာသလိုနှင့် ခေါင်းစဉ်မရှိသော ကွက်လပ်တခုမှာ ၀ိုးတ၀ါးလွှတ်ထားတတ်ပါသည်။ တကယ်တော့ သူလဲ လောကီသားမဟုတ်လား။

တခါတလေ သူကလှမ်းပြီး ပေါင်းသင်ပေးနေတာများ အမှတ်တမဲ့တွေ့မိတဲ့အခါ သူ့ဂရုစိုက်မှုကို ခွဲဝေပေးလိုက်ရတယ်လို့ မနာလိုဖြစ်မိသည်။ အဲဒီ လေတိုက်တိုက် မတိုက်တိုက် ဆတ်စလူးထနေတဲ့ ပန်းပင်ပေါက်စလေးတွေရော၊ အိနြေ္ဒတခွဲသားနဲ့ တပွင့်ချင်းလေးတွဲ့တွဲ့ပွင့်ပြနေတဲ့ ပန်းခြုံလေးတွေကိုပါ မျက်စောင်းနဲ့လှမ်းကြည့်မိပါသည်။ သူတို့တွေကတော့ ခင်မင်ဟန်ပြုတဲ့အပင်နဲ့ မမြင်ဟန်ပြုတဲ့အပင်နဲ့ အမျိုးမျိုးတုန့်ပြန်ကြပါသည်။ တခါမှတော့ သူ့ကို အဲဒီအပင်တွေကို နှုတ်ပစ်လိုက်ပါလားလို့ ပြောမထွက်ခဲ့။ ဥယျာဉ်ကလေးပျိုးထားတဲ့ လူတယောက်မှာ အဲသလောက်တော့ စိတ်ချမ်းသာခွင့်ရှိပါသည်။

တခါတလေ မိုးလေပြင်းထန်လွန်းလို့ သူ့မြေမှာ အံခဲပြီး ပွင့်နေရတဲ့ပန်းလေးတွေ ခေါင်းငိုက်စိုက်ကျနေတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ သနားရပြန်သည်။ ကိုယ်တိုင်မွေးမြူထားတဲ့ ခံစားချက်တွေက ကိုယ့်အရေပြားကိုဖောက်ထွက်လာတဲ့ ဆူးတွေကိုယ့်လည်မျိုပြန်ထောက်ထားမိသလို ပူလောင်လှသည်။

တခါတလေတော့ သူ့ဂရုစိုက်မှုကို ခွဲမပေးချင်ပါ။ ကျမကို ဂရုစိုက်မယ်ဆိုပြီး သူစိုက်ပျိုးခဲ့တာပဲ မဟုတ်လား။ ဟိုအနုတ်စုတ်ကုတ်စုတ် အပင်တွေကတော့ သူ့မြေမှာပေါက်ချင်လှချည့်ဆိုပြီး ရောက်ရောက်လာတဲ့ အပင်တွေဖြစ်သည်။ အဲသလိုတွေးမိတော့ ရေလောင်းပေါင်းသင်ပေးတာတောင် အပွင့်ပွင့်ရကောင်းမှန်းမသိတဲ့ ငါလို နလပိန်းတုံးအပင်နဲ့စာရင် ဘာကလေးဖြစ်ဖြစ်ရအောင်ပွင့်ပြနိုင်တဲ့ အပင်တွေက သာမနေဘူးလားလို့ ပြန်ပြန်ဖြေရပါသည်။

တရက်မှာတော့ ဥယျာဉ်တခုလုံး အိနြေ္ဒပျက်မယ့် ညနေကို သူယူဆောင်လာခဲ့သည်။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ခရီးဝေးတခု သွားရတော့မယ်ဆိုတဲ့ သူ့အသံကိုအကြားမှာ ဖျော့တော့နေပြီဖြစ်တဲ့ နေရောင်အောက်မှာ သစ်ရွက်ကလေးတွေ ညိုးငယ်သွားသည်။ ပန်းပွင့်လေးတွေ နွမ်းလျသွားသည်။ နည်းမျိုးစုံနဲ့ ရှင်းထုတ်နေတဲ့ကြားက ဘေးကပ်ကျန်နေတဲ့ ပေါင်းပင်ရိုင်းတွေတောင် အံ့အားသင့်စွာ တုန်ရီနေသည်။

မနက်ကျတော့ ဆိုနေကျသီချင်းလေးကို ညည်းရင်း သူထွက်ခွာသွားပါသည်။ အဲဒီနောက်ပိုင်းမှာတော့ အဖြစ်အပျက်တွေက စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေလို နေ့ရက်တွေကို မသေရုံတမည်ထုပ်ပိုးလျက် ငြီးငွေ့ဖွယ်တရွေ့ရွေ့သွားနေကြရသည်။ သုံးနှစ်သုံးမိုးပွင့်ပြမယ်ဆိုတဲ့ ပန်းခြုံတွေတောင် ခြောက်ကပ်သွားခဲ့ပြီ။ ပန်းပင်ပေါက်လေးတွေကတော့ လေလွင့်သူလွင့် ကျန်ရစ်သူုကျန်နှင့် ဖရိုဖရဲဆန်လှသည်။ သူကမူးရှူးထိုးနှုတ်ပစ်တုန်းက တဇွတ်ထိုး ပေါက်ပေါက်လာတတ်သည့် ပေါင်းပင်တွေတောင် မျက်စိလည်မလာတော့ ဥယျာဉ်ကဖုန်းဆိုးမြေလို ပြောင်သလင်းခါလုလု ဖြစ်နေသည်။

ဥယျာဉ်ထဲမှာ စည်ကားဖူးခဲ့သည့် ငှက်တေးသံကို မမှတ်မိနိုင်လောက်သည့် ရာသီတညောင်းစာကြာခဲ့ပြီ။ ကျမကို အသက်ရှိသည်ဆိုရုံ ရှိနေသည့် သစ်တပင်အဖြစ် လူတွေကရုဏာသက်ကြသည်။ တချို့ကလဲ ပြုံးကြသည်။ ကျမသည် ရေကြည်ရာမြက်နုပေါက်တတ်သည့် အလေ့ကျအပင်မဟုတ်။ ဒီမြေမှာ ရိုးမြေကျချင်သည့် အပင်ဖြစ်မှန်း ကြုံးဝါးချင်လှသော်လည်း ကျမကိုယ်တိုင်ပင် ဘာပန်းပွင့်မည့် ဘာအပင်မှန်း ကိုယ်တိုင်မသေချာလှ။ သေချာတာကတော့ ကျမစောင့်နေခဲ့ပါသည်။

စောင့်နေခဲ့တယ်ဆိုတဲ့ အသိကလွဲရင် အာရုံအားလုံးသေဆုံးနေသလို စောင့်နေခဲ့ပါသည်။ တမနက်မှာတော့ အဝေးကမြူမှုန်တွေထဲမှာ တစုံတယောက်လှမ်းလာတာကို ၀ိုးတ၀ါးမြင်လိုက်ရသည်။ အဲဒီတေးသွားကို ညည်းလို့ သူပြန်လာခဲ့ပြီ။

…………………………………………

သေဆုံးနေတဲ့နွယ်ပင်တွေ တွယ်ယှက်နေတဲ့ ဥယျာဉ်တံခါးကို သူတွန်းဖွင့်လိုက်ချိန်မှာတော့

သံသရာအဆက်ဆက် သူ့မျက်မှောက်မှာပွင့်ဖို့ ဆုချွေထားသည့် ကျမရဲ့ ပန်းပွင့်တွေ တပင်လုံးဝေနေအောင် ပွင့်လိုက်ပါတော့သည်။

သူက ကျမခြေရင်းအထိ ပြေးလာသည်။ ဗလုံးဗထွေးရေရွတ်နေပုံက မောဟိုက်သံမှာ အပြုံးစွက်လျက်

`အလို… မင်းက ပွင့်မယ့်ပွင့်တော့ ခရမ်းပြာရောင်တွေ တပင်လုံးပါလားကွယ်´

0 Comments: