ခရီးသွားများ
ကားဂိတ်ရောက်တော့ အမျိုးသမီးကြီးတစ်ယောက်က ပြုံးပြပြီး သမီးတစ်ယောက်တည်းလား အန်တီ့ကိုမှတ်မိလားတဲ့။ အဖေ့မိတ်ဆွေလို့ပြောတာပဲ။ သူ့တူမ တောင်ကြီးပြန်မှာ တစ်ယောက်တည်းဖြစ်နေလို့တဲ့ သမီးနဲ့ဆိုရင်စိတ်ချပြီ။ ကြည့်သွားပေးပါတဲ့။ (သေချာပြီ ကျွန်မ အကြောင်းမသိရှာဘူး) သြော် ဒီလောက်စိတ်ပူနေပါလားဆိုပြီး သူ့တူမကိုကြည့်လိုက်တော့ အရပ်က ကိုယ့်ထက်တောင်မြင့်ချင်ချင် ဆံပင်က အ၀ါလိုလို ရွှေရောင်လိုလို ကျောင်းပြီးပြီလည်းပြောသေး ကလေးလိုလို ခွေးလိုလိုရယ်၊ ချစ်တော့ချစ်စရာလေးပါ။ ဂိတ်ကလူနဲ့ နည်းနည်းပါးပါးပြောဆိုပြီ အဲဒီကောင်မလေးရဲ့နေရာက ကျွန်မဘေးနား ရောက်လာပါတော့တယ်။ သူ့အဒေါ်ကတော့ တပြုံးပြုံးနဲ့ ပြန်သွားလေရဲ့။
“Excuse me” ဆိုတဲ့အသံကြောင့် ကမန်းကတမ်းဘေးကပ်ပေးလိုက်ရတယ်။ ကားပေါ်တက်လို့ရပါပြီဆိုတာနဲ့ လူတွေကလည်း ပြုံတက်တော့တာပဲ ဒီလူကလည်း ယောက်ကျားကြီးဖြစ်ပြီး အရင်လုတက်ချင်နေသေးတယ်ဟု တွေးမိတယ်။ ဖြစ်နိုင်ရင် တန်ဆောင်တိုင်နီးမှ ကပ်ပြီးအိမ်မပြန်ချင်ပါ။ ဧည့်သည်တွေကများရတဲ့အထဲ ခရီးနှင့်အထာမကျတော့ ရန်ကုန်အထွက်ကျတော့ အဲကွန်းကမအေးဘူး တောင်ပေါ်ရောက်တော့ အဲကွန်းပိတ်ပေးပါတော့ အေးလှပြီ။ ခုံက လှဲလို့မရပါလား။ အဲ ရှိသေးတယ် ဟဲလို ဒါလင် အရင်လိုကြည့်ကောင်းနေတုန်းပဲ (အဲအဲ ယောင်လို့ပါ) ဘယ်ရောက်နေပြီ ဘာကြီးဝယ်ခဲ့မယ်သိလား စသဖြင့် ဂွီဂွီဂွမ်ဂွမ်များကလည်း ပဲခူးကျော်မှ နားအေးသွားပါတယ်။
ညစာစားဖို့ရပ်တော့ စာအုပ်ကိုဆွဲပြီး ကမန်းကတန်းဆင်းသွားလိုက်သည်။ ဘယ်သူအရင်တက်တက်ဟေ့ ငါအရင်ဆင်းနိုင်တယ် ဘာတတ်နိုင်သေးလဲပေါ့။ ထမင်းစားပြီး ထင်တဲ့အတိုင်းပါပဲ ကားဆေးတဲ့သူက သီချင်းလေးတအေးအေးနဲ့ ဆေးကောင်းတုန်း၊ ကားသမားကတော့ ဆိုင်က အလကားမတ်တင်းပြုစုတာနဲ့ လူတောင်မမြင်ရသေး တစ်ချို့တောင်ပေါ်သားတွေက သိပ်သွေးအေးတာကိုး။ အေး မင်းတို့လည်းအေးမှတော့ ငါလည်းအေးရတော့မှာပေါ့ကွာဆိုပြီး စာအုပ်ကို မတ်တတ်ကြီးဖတ်နေတုန်း လူတစ်ယောက်က ၀င်တိုက်လို့ စာအုပ်လွတ်ကျသွားပါတယ်။ ကြည့်လိုက်တော့ Mr.Excuse Me ကြီးပါလား။
“ဆောရီးနော် ရေအိုင်ကိုရှောင်လိုက်လို့ပါ” တဲ့ သူ့ခြေထောက်ရေစိုမှာစိုးတာနဲ့ ငါ့စာအုပ်တော့ ဗွက်ပေပါပြီ။ အိုင်တွေ့ရင် ခြေမဆေးဘူးလို့ ကြွားနေတာများလား ။
“USIS က ငှားထားတာလား”
အလို တော်တော်လျှာရှည်ပါကလား USIS တံဆိပ်တုန်းထုထားတာပဲ မငှားလို့ ငါကတိုထားရမှာလား။
“ဟုတ်တယ်”
ကျွန်မကပြောပြီး တခြားဖက်ထွက်လာတော့ ကားပေါ်မှာအတူထိုင်တဲ့ ကောင်မလေးက ပြုံးစစနဲ့ ရောက်လာပြီး
`ရှင်ဒေါင်းဟန်က ဘာပြောသွားတာလဲ အမ´
`ဘာကြီး?´
`အမနဲ့ စကားပြောနေတဲ့တစ်ယောက်လေ´
`သြော် ဇီးသီးအားပေးသွားပါဦး ဈေးဦးမပေါက်သေးလို့တဲ့´
`အာ အမကလည်း အဲဒီဈေးသည်မဟုတ်ဘူး ဟိုအကိုကြီးကိုပြောတာ´
`သြော် သူ့နံမယ်ကလည်း ဆန်းလှချည်လား´
`ကိုရီးယားမင်းသား ဂျင်ဒေါင်ဂန်းသိတယ်မလား သူနဲ့တူတယ်နော် အမ´
`ဟုတ်လား မသိဘူး။ Ben Affleck နဲ့တူတာတွေ့ရင်တော့ ပြစမ်းပါ တစ်ခါတည်း ပြေးဖက်ပစ်လိုက်မယ်´
`Ben Affleck ဆိုတာ ဘယ်သူတုန်း အမ´
`နင်ပြောတဲ့ ရှင်ဒေါင်းဟန်နဲ့ ကျောင်းနေဖက်´
အဲဒီကောင်မလေးလည်း တစ်ခါတည်း ပါးစပ်ပိတ်သွားပါတယ်။ မဟုတ်ရင် တော်တော်ပြောနိုင်တဲ့ကောင်မလေးပါ။ မျက်စိမှိတ်ထားတာတောင် `အမ အိပ်နေလားဟင်´လို့ မေးတယ် မလွန်လွန်းဘူးလား။ သူလုပ်တာနဲ့ ဒီတစ်ခေါက်ခရီးထွက်တာ ဘာကိုမှ မလွမ်းလိုက်ရဘူး။ တစ်မျိုးတော့လည်း ကောင်းပါတယ်။ မဟုတ်ရင် တောင်မြင်လည်းလွမ်း စမ်းချောင်းလေးမြင်လည်းလွမ်းနဲ့။ ခံစားလွယ်တာဟာ အားနည်းချက်တစ်ခုဖြစ်နေတဲ့ ခေတ်ကြီးမှာ မလွမ်းဖြစ်တော့လည်း အပြောအဆိုလွတ်တာပေါ့လေ။
ညစာစားပြီးလို့ နားအေးပါးအေးများနေရမလားမှတ်တယ် ပြပြန်ပြီ ဗမာကား (no offense ပါ။) မျက်နှာရှေ့တည့်တည့်မှာ တီဗီ၊ ခေါင်းပေါ်မှာ စပီကာ၊ ပုခုံးပေါ်မှာ ခေါင်းတစ်လုံး။ ဘေးက ကောင်မလေးက အိပ်သလားမမေးနဲ့။ ကျွန်မလည်း အရင်ဘ၀က သူများပုခုံးကို ဘယ်လောက်မှီထားမိပါလိမ့် သူ့သွားရည်တွေသာ မကျပါစေနဲ့ ဆုတောင်းရတယ်။ ညဆင်းရင်နှိုးဦးနော်တဲ့ သြော် ခေါင်းဦးတော်တင်မကဘူး အိပ်ဖန်စောင့်ပါဖြစ်နေပါပေါ့။ အင်း အိပ်ကြ အိပ်ကြ။ ည၁၂နာရီ ကားခဏရပ်တော့ ဘေးက သာလိကာကနေ ကာလနဂါးဖြစ်သွားတဲ့ ကောင်မလေးကို နှိုးရတယ်။ သူ့ကို နှိုးနေတာနဲ့ နောက်ဆုံးမှဆင်းရတော့တယ်။ အရေးထဲ ဟိုကိုယ်တော်ဖြတ်သွားတာကို
`အမ သူသမီးတို့ကို ပြုံးပြသွားတယ်´တဲ့ ခေါင်းတွေဘာတွေဖီးလိုက်သေးတယ် အလိုလေးနော်။
ကားပေါ်ပြန်မတက်ခင် ဆေးသောက်တော့ အဲဒီကောင်မလေးက `အမ မမူးတဲ့ဆေးလား´တဲ့ `အိပ်တဲ့ဆေး´ ဆိုတော့ `သမီးလည်းသောက်မယ်´တဲ့ ဘုရား ဘုရား အဲဒီကောင်မလေးကိုသာ အိပ်ဆေးတိုက်လိုက်ရင် ပြန်နိုးလာပါဦးမလား။ ကားပေါ်လည်းရောက်ရော အဲဒီကောင်မလေးက အိပ်ရေးဝသွားပြီး ဧည့်ခံတော့တာပဲ။ ကျောင်းမှာက ဘယ်လို၊ ဘယ်မော်ဒယ်က ဘယ်သူနဲ့ ဘာညာဘာညာ၊ ဆန်းမီက အွန်စောက ဘယ်ကဲ့သို့။ ကဲဒီတစ်ခါတော့ ငါ့အလှည့်ဟေ့လို့ စဉ်းစားပြီး မျက်စိမှိတ်ထားလိုက်တယ်။
ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိလိုက်ဘူး။ စကားသံတွေကြားလို့နှိုးလာတော့ လူတွေအားလုံးကားပေါ်ကဆင်းနေကြတယ်။ ပေါက်တောရပ်ပေးတယ်ထင်တယ်။ ဘေးက ကောင်မလေးကိုကြည့်လိုက်တော့ လားလား… ဒင်းက ချစ်လက်ဆောင်ပေးနေတာကိုး ကျွန်မပုခုံးပေါ်မှာ သူ့သွားရည်ကွက်ကြီး။
`ဟေး မဆင်းဘူးလား´
ကြည့်လိုက်တော့ Mr. Excuse Me သို့မဟုတ် ရှင်ဒေါင်းဟန်
ပြောပြီး ခပ်ပြုံးပြုံးနဲ့ဆင်းသွားပါတယ်။ ဟာ ဒါဘာလုပ်တာလဲပေါ့။ ကျွန်မတော်တော်တင်းသွားပါတယ်။ ရှမ်းပြည်မှာ ပေါက်တောရပ်ရင် အမျိုးသားတွေပဲ ဆင်းပါတယ်။ သူတို့ ရှူးနေတာကို ကျွန်မတို့က ဘာလို့ဆင်းရမှာတုန်း။ မဟုတ်သေးပါဘူး အမျိုးသမီးတွေလည်း ဆင်းနေကြပါလား။ ဘေးကြည့်တော့ ဘာမှမမြင်ရဘူး။ မနက် ၂နာရီခွဲ လေထုကတော့ တောင်ပေါ်အနံ့အသက်ရနေပါပြီ။ ဂျာကင်ထုတ်ဝတ်ပြီ ဆင်းသွားတော့ ကားတန်းကြီးကိုတွေ့တယ်။ ကားဆရာရေ ဘာဖြစ်တုန်းဆိုတော့ ရှေ့မှာ ကားတိမ်းလို့ လမ်းပိတ်နေတယ်တဲ့ ကားတိမ်းတယ်ဆိုတာ ဘာနဲ့မှ မတိုက်မိပဲ လမ်းကွေ့ ဒါမှမဟုတ် လမ်းမညီလို့ ကားစောင်းပြီး လမ်းပေါ်လဲကျသွားတာပါ။ ပြောရင်သာ ဘာမှမဟုတ်ပေမဲ့ တခါတလေ လူတောင်သေတတ်ပါတယ်။ ကားတိမ်းပြီးပဲ လမ်းပေါ်မလဲပဲ ချောက်ထဲထိုးကျသွားတာမျိုးလည်း ရှိပါတယ်။ အခုတော့ လမ်းတွေ တံတားတွေ ကောင်းနေပါပြီ။ ပျက်အစဉ် ပြင်ခဏ ခဏဆိုသလို ပြင်တော့ ပြင်ရတာပေါ့နော။ အရင်ကလောက်တော့ မဆိုးတော့ပါဘူး။
ခရီးသည်တွေက သူ့အစုနဲ့သူ ဟိုနားဒီနားထိုင်နေကြပါတယ်။ တချို့လည်း ကားပေါ်မှာ တခေါခေါနဲ့ အိပ်ကောင်းနေဆဲ။ ရှေ့ကားမှာပါလာတဲ့ ရပ်ကွက်ထဲကလူကြီးတစ်ယောက်က လာနှုတ်ဆက်တော့ စကားထိုင်ပြောကြပါတယ်။ ရှင်ဒေါင်းဟန်တို့အဖွဲ့ကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ လုပ်နေပါတယ်။ ရပ်ကွက်ထဲက အင်းသားကြီးကတော့ မီးပုံးပျံတစ်ချို့ တောင်ကြီးမှာမလွှတ်ရတော့ပဲ ဘယ်မြို့တွေမှာ သွားလွှတ်ရတော့မယ် ဒီနှစ်တော့ သိပ်ပြည့်စုံမှာမဟုတ်ဘူး၊ မီးပုံးပျံကွင်းအသစ်က အရင်တုန်းက ဂေါ်ရခါးသင်္ချိုင်း စသဖြင့် ၀မ်းနည်းပက်လက်ပြောပြပြီး လမ်းအခြေနေသွားကြည့်ဦးမယ်ဆိုပြီး ထွက်သွားပါတယ်။
အဲဒီမှာ ရှင်ဒေါင်းဟန်ရဲ့ သူငယ်ချင်းက
`အမ အမက တောင်ကြီးကလား´
`ဟုတ်တယ်´
`တောင်ကြီးမှာ မြင်လှည်းတွေရှိလားဟင်´
နောက်နေတာများလားလို့ ကြည့်တော့လည်း အဲဒီဖက်တီးလေးက အတည်မေးနေပုံပါ။
`မြင်းလှည်းတွေတော့ ရှိတယ် မြင်းတွေမရှိတော့ဘူး´
`ဘာလို့လဲ´
`တောင်တက်၊ တောင်ဆင်းများလွန်းလို့ အမောဆို့ပြီးသေကုန်ပြီ´
ဖက်တီးလေးက အူကြောင်ကြောင်ဖြစ်နေပါတယ်။ ရှင်ဒေါင်းဟန်ကြီးကတော့ ပြုံးပြီး `အင်တာနက်ကဖေးရော ရှိလားမေးလိုက်လေ´လို့ တိုးတိုးလေး ပြောပါတယ်။ ဖက်တီးလေးက `မင်းဘာသာမေးပါလား´တဲ့။ သူက
`တောင်ကြီးမှာ ဘာစကားပြောကြလဲဟင်´တဲ့
`တောင်ကြီးဆိုတာ မြန်မာပြည်ထဲက မြို့တစ်မြို့ပါပဲ။ သိပ်သွေးပျက်မနေပါနဲ့´
ပြောပြီး ကျွန်မလည်းကားပေါ်ပြန်တက်ပြီ မျက်စိမှိတ်နေလိုက်တယ်။
`Excuse me´
ဟာ လာပြန်ပလား မျက်လုံးဖွင့်ကြည့်တော့ ဟုတ်ပါ့ ဟိုငနဲ
`ကျွန်တော်တို့က နောက်တာမဟုတ်ပါဘူး။ တခါမှမရောက်ဖူးလို့ သိချင်လို့ပါ အမ စိတ်ဆိုးသွားလားမသိဘူး´
`မနက်ကျရင်ရောက်တော့မှာပါ အဲဒီတော့မှ ကြည့်လိုက်ပေါ့။ စိတ်မဆိုးပါဘူး၊ အိပ်လိုက်ဦးမယ်´
စိတ်ထဲကတော့ ပြောလိုက်မိတယ် ဘာရှင်ဒေါင်းဟန်ရမှာတုန်း hundred percent မှန်ကြောင် မျက်နှာလေးတော့ သနားကမားရှိပါရဲ့ ဘယ်နေရာကကြောင်နေမှန်းမသိဘူး။
သြော် မနက်ကျတော့ အိမ်ကိုတန်းပြန်ပြီးအိပ်ရမလားမှတ်တယ် တစ်နေရာဝင်ရဦးမယ်။ အရင်က အိမ်မှာထမင်းချက်ပေးတဲ့ အမျိုးသမီးရဲ့ကလေးက accident ဖြစ်ထားတယ်တဲ့ သူတို့အိမ်နဲ့ ကပ်ရက်မှာ အလယ်တန်းတုန်းက ဆရာမတစ်ယောက်ရှိတယ်။ အဲဒီဆရာမလည်း လေဖြတ်သွားတယ်ကြားလို့။ မြို့အ၀င်နားမှာဆိုတော့ အဲဒီမှာ အရင်ဆင်းပြီး သတင်းမေးမယ် အိမ်ကိုလည်း အဲဒီကိုပဲလာကြိုဖို့ မှာထားတယ်။ အိမ်ရောက်ပြီးမှ သတင်းသွားမေးရင် ပွဲလည်မှာနဲ့ အမျိုးတွေဆုံမှာနဲ့ ရှုပ်နေမှာ ကလေးလေးကလည်း အခြေနေမကောင်းဘူးကြားတယ်။ ကိုယ့်မျက်စိရှေ့တင် ကြီးလာတဲ့ကလေးလေးပါ။ သူတို့အမေက အခုကိုယ့်အိမ်မှာမလုပ်တော့ပေမဲ့ အမျိုးအရင်းအချာလို ကောင်းခဲ့တဲ့သူပါ။
အဲသလိုနဲ့ ၃နာရီခွဲမှ ကားပြန်ထွက်နိုင်ပါတော့တယ်။ အေးသာယာ ကားကွင်းလည်းရောက်ရော မနက်တော်တော်ကြီးကို လင်းနေပြီ။ တော်သေးတယ် တောင်အောက်လာမကြိုခိုင်းထားလို့ မဟုတ်ရင်နောက်ကျတာနဲ့ အိမ်က အကြာကြီးစောင့်ပြီး တော်တော်စိတ်ပူနေလောက်ပြီ။ ဘေးက ကောင်မလေးက သူ့အိမ်က လာကြိုတာကို တစ်ညလုံးမအိပ်ရဘူးလို့ ညည်းပြနေပါတယ်။ကားပြောင်းတော့ ရှင်ဒေါင်းဟန် ခေါ် မှန်ကြောင်က `အမ ကျွန်တော်တို့တည်းမှာက သစ်တောရပ်ကွက်´လို့ပြောပါတယ်။
`အဲဒါ ကားသမားကို ပြောရမှာလေ´
သူကတော့ ရယ်နေပါတယ်။
`အမ ပွဲလည်မှာလား´
`အေး ပွဲထဲမှာ ရှိမယ်။ ပြခန်းမှာ´
`ဘာပြခန်းလဲဟင်´
ဟာဟ … ပြောလိုက်ရမလား။
`Water Guard နဲ့ Super Tab ။တခြားဟာတွေလည်းရှိသေးတယ်´
`ကျွန်တော်တို့ လာခဲ့မယ်´
လူကလေး မင်းမသိသေးဘူးနော်
`လာသင့်တာပေါ့´
ကားသမားကို ချပေးဖို့နေရာသေသေချာချာပြောရပါတယ်။ အရေးထဲ သူက သမီးအဖေအိမ်ပြန်မှာ မဟုတ်ဘူးလားမေးနေလို့ ဇတ်စုံခင်းပြရသေးတယ်။ ကားက ရပ်ရမဲ့နေရာကို ကျော်သွားတော့ ဟိုးဟိုးလို့ အော်ရသေးတယ်။ အိတ်သေးတစ်အိတ်ပဲပါလို့ တော်သေးတာပေါ့်။ ကားကိုမြင်တော့ ကလေးအမေ (အရင် ထမင်းချက်တဲ့ အဒေါ်ကြီး) က ပြေးထွက်လာပါတယ်။ သူတို့ အိမ်ကုပ်ကုပ်လေးက တော်တော်လေးကို အိုမင်းနေပါပြီ။ အ၀တ်လျှော်ရင်ပြေးထွက်လာတော့ သူ့မှာ လုံချည်ရင်လျားနဲ့ဖြစ်နေပါတယ်။ `သမီးငယ် ရောက်လာပြီဟေ့´ လို့လည်း အော်လိုက်သေးတယ်။ သူက ကျွန်မကို သမီးငယ်လို့ပဲ အမြဲခေါ်ပါတယ်။ ကားသမားကို နှုတ်ဆက်ရင်း ဖက်တီးလေးကို ကြည့်မိတော့ ပါးစပ်ဟောင်းလောင်းနဲ့ကြည့်လို့ ရှင်ဒေါင်းဟန်က မျက်နှာတော်တော်ပျက်နေပါတယ်။ ပြီးတော့ မျက်နှာလွှဲနေတယ်။ အလို ငါ good bye လုပ်မှာ ကြောက်နေသလိုပါလား။ နားမလည်နိုင်ပေမယ့် ကျွန်မ ဘာမှ မတွေးမိပါဘူး။ ကလေးလေးက ကျွန်မကိုမြင်တော့ မုန့်စားမယ်လို့ပြောပါတယ်။ သူ့အမေလည်း ကျွန်မလာကြည့်လို့ ၀မ်းတွေသာလို့။
ရောက်တဲ့ညက အဖေက အိမ်မှာ ၂ယောက်တည်းရှိလို့ Classic မှာသွားစားမယ်လို့ ပြောပါတယ်။ သွားပေါ့ အကြိုက်ပဲ။ (မပြောမရှိနဲ့ အဲဒီဆိုင်က ဘဲကင်နဲ့ ကတ်ကြေးကိုက်ရော ၀န်ဆောင်မှုရော ကောင်းမှကောင်း) အဲ စားနေတုန်း ဘယ်သူဝင်လာတယ်ထင်လဲ ရှင်ဒေါင်းဟန်တို့အဖွဲ့ ဖက်တီးလေးကတော့ လှမ်းလက်ပြပါတယ် ရှင်ဒေါင်းဟန်က မျက်နှာလွှဲနေတယ် မျက်မှောက်လည်းကုပ်ထားလိုက်သေးတယ်။ အဖေ့ကို လမ်းကအကြောင်းတွေ ပြောပြတော့ အဖေက ရယ်ပါတယ်။ သူအခု မကြည့်တော့လို့ သမီးက စိတ်တိုနေတာလားတဲ့။
`မဟုတ်ပါဘူး သူပဲအတင်းကြီးလာရောပြီး အခု အိုင်ကပဲ သူ့ကိုလိုက်ဆွဲမလို ဖြစ်နေတာကို အမြင်ကပ်လို့ပါ´
ရှင်ဒေါင်းဟန်တို့ အဖွဲ့ကို ပွဲခင်းထဲမှာ တွေ့ပါသေးတယ်။ အဲဒီအချိန်မှာ အစ်ကို(၀မ်းကွဲ)က ကော်ဖီလိုက်တိုက်မယ်ဆိုလို့ ကော်ဖီဆိုင်ကိုလာတာပါ။ အမှန်တော့ အစ်ကိုက သူမင်္ဂလာဆောင်မဲ့အကြောင်း တိုင်ပင်မလို့ပါ။ အဲဒီအစ်ကိုက ကျွန်မကို အရမ်းချစ်ပါတယ်။ ထုံးစံအတိုင်းရှင်ဒေါင်းဟန်က မျက်နှာလွှဲသွားပါတယ်။ ဒီတစ်ခါ တော်တော်ဆိုးပါတယ် ကျွန်မကို တော်တော် မုန်းတီးရွံရှာနေတဲ့ ပုံပေါက်နေပါတယ်။ အဲဒီ ပဟေဠိတွေလည်း မကြာမီ အဖြေညှိလို့ ရသွားပါတယ်။ သူတို့နဲ့ ပါလာတဲ့တောင်ကြီးသူတစ်ယောက်ကို ဖက်တီးလေးနဲ့ သူက တစ်ခုခုပြောလိုက်ပုံရပါတယ်။ အဲဒီ ကောင်မလေးက လှည့်ကြည့်လာတော့ သူက ကျွန်မနဲ့ ကျောင်းနေဖက်ဖြစ်နေပါတယ်။ သူက ပြေးလာပြီး ၀မ်းသာအားရစကားတွေလာပြောပြီး နောက်နေ့မနက်လာမယ်ဆိုလို့ နေမြင့်မှလာဖို့ တောင်းပန်လိုက်ရပါတယ်။
နောက်တစ်နေ့ ကျွန်မတို့ ကော်ဖီဆိုင်သွားထိုင်ရင်း သူကပြောပြပါတယ်။ ရှင်ဒေါင်းဟန်တို့က သူ့အစ်ကို သူငယ်ချင်းတွေတဲ့။ ကားပေါ်မှာ ပါလာတဲ့ကောင်မလေးတစ်ယောက်က စာအုပ်ကြီးဖတ်ပြီး အရောမ၀င်ချင်သလိုလိုနဲ့တဲ့ မသိရင်တော့ လူရှိန်လောက်တယ်တဲ့ ဆင်းတော့ အိမ်စုတ်ကလေးမှာဆင်းသွားတယ်တဲ့ သူ့အမေက လုံချည်ရင်လျားနဲ့ထွက်လာပြီးကြိုသတဲ့။ ညကျတော့ အဲဒီကောင်မလေးက ဘိုးတော်ကြီးတစ်ယောက်နဲ့ ဆိုင်မှာ ရယ်လားမောလားတဲ့။ အဲဒီညက သူ့အစ်ကိုက ဧည့်သည်ပို့ရင်းတော့ ပါလာပါရဲ့ ကျွန်မကိုမသိဘူးတဲ့။ နောက်နေ့ပွဲလည်တော့ ဟိုနေ့ကဘိုးတော်ကြီးနဲ့ ဒီနေ့တော့ဘဲတစ်ဗွေနဲ့လို့ပြောသတဲ့။ အဲဒီမှာ သူငယ်ချင်းကလှမ်းအကြည့် ကျွန်မကိုတွေ့တာပဲတဲ့။
`ငါ TB Patient Survey သွားရတုန်းက အိမ်စုတ်တွေချည်းပါ.။ ဒါပေမယ့် အဲဒီလူနာအိမ်တွေက လူတွေက အရမ်းစေတနာကောင်းကြပါတယ်။ တော်တော်များများလည်း ယိုင်းပင်းတတ်ပါတယ်။ အိမ်စုတ်မှာ ဆင်းတာမြင်လို့ မျက်နှာပျက်နေတာကိုး´
သူငယ်ချင်းကလည်း
`ငါလည်း အဲဒီသောက်ကျင့်ကို တအားမုန်းတယ်။ နင်သိပါတယ် အရင်တုန်းက ငါတို့အိမ်က ရွာမှာ အရမ်းစုတ်တာ နောက်မှ အလုပ်အကိုင်အဆင်ပြေပြီး သစ်တောရပ်မှာ အိမ်ဝယ်နိုင်တာ။ ငါတို့သာ အရင်အခြေနေမျိုးဆိုရင် သူတို့ ငါ့အစ်ကိုကိုတောင် ပေါင်းမှာမဟုတ်ဘူး´
ရယ်ချင်လွန်းလို့ ရယ်တောင် မရယ်နိုင်တော့ဘူး။ အံ့သြလို့လည်း မကုန်နိုင်အောင်ပါပဲ။ ကျွန်မသူငယ်ချင်းကတော့ ဒေါသထွက်လို့။ ဧည့်သည်တွေဖြစ်နေလို့ သူ့အစ်ကိုကိုပဲ စိတ်တိုသမျှ ပြောလိုက်တော့တယ်တဲ့။
အဖေက ပြောတယ်။ သမီး လူအားလုံးက ခရီးသွားတွေပဲ။ ဘ၀ခရီးသွားတော့ လူပေါင်းစုံနဲ့ ဆုံတာပေါ့ကွာ။ ဒီလို လူမျိုးတွေလည်းရှိတယ် ဆိုတာ သိရတာပေါ့တဲ့။ ကျွန်မကလည်း ကျွန်မရဲ့ ဘ၀နေထိုင်မှုပုံစံကြောင့်ဖြစ်ဖြစ်၊ သူတို့ ထင်မြင်ချက်ကြောင့်ဖြစ်ဖြစ် ကျွန်မနဲ့ သိကျွမ်းရမှာရှက်တတ်တဲ့သူမျိုးကို မပေါင်းချင်ပါဘူး။ သူငယ်ချင်းအတုမျိုးနဲ့ အစောကတည်းက မတွေ့ဆုံလေ ကောင်းလေပဲ။ အဖေကပြောသေးတယ်
`ဒီလို ဖြစ်သွားတာ မကောင်းဘူးလား။ မဟုတ်ရင် အဲဒီလို တွက်ချက်ခွဲခြားတတ်တဲ့သူကို အကြောင်းမသိပဲ သမီးနဲ့ ဇတ်လမ်းဖြစ်ရင်ဖြစ်သွားမှာ´
`အဲဒါတော့ လုံးဝမဖြစ်ဘူးနော် သမီးစိတ်ထဲမှာ တစ်ယောက်ထဲပဲရှိတယ်။ ဖေကြီးကလည်း သိသားနဲ့´
အဖေက ရှေ့ကထမင်းပန်းကန်ကို ထိုးပြတယ်။
`ထမင်းကိုပဲ ကုန်အောင်စား သမီး။ အဖေလည်း ခရီးသွားတစ်ယောက်ပါပဲ ခရီးသွားအချင်းချင်း လေမထွားကြေး´ တဲ့လေ။
ကျွန်မက စကားကုန်ပြောပြီး ဘယ်တော့မှထမင်းမကုန်တတ်သူ။ တစ်ကယ်တော့ ကျွန်မလည်း သိပ်အပြစ်ကင်းလှတဲ့ ခရီးသွားတစ်ယောက်မဟုတ်ခဲ့ပါလား။ ။