Friday, November 30, 2007
တင်စားပြောတာပါဗျာ။ ဘယ်လိုနေရမလဲလို့ အမေးခံရတဲ့သူက ဖြေစရာမလိုပါဘူး။ သူ့ဘ၀ ကိုယ့်ဘ၀ မဟုတ်လား။ နေတတ်သလို နေရမှာပေါ့။ ရေးချင်လို့ရေးလိုက်တာပါ။ ကြိုဖြေရှင်းထားတယ်လို့တော့ မထင်ပါနဲ့ တစ်ချို့တွေက နောင်လာနောက်သားတွေကို ကိုယ့်သားနဲ့ တင်စားထားတာကို နင်ဘယ်တုန်းက သားရှိတာလဲလို့ မေးလားမေးရဲ့ ကောင်းလိုက်တဲ့ သူငယ်ချင်းတွေ။
ဖတ်ရှုခွင့်မရအောင် မျက်လွှာချထားတတ်သော သံသယမှာ
ငါ့ဝင်သက် ထွက်သက်အားလုံး မာန်လျှော့ဝပ်စင်း
အကြိမ်ကြိမ်ပြတ်တောက်ခဲ့ဖူးရက်နဲ့
ဒီလေတိုက်ရင် ဒီစွန်ကို လွှတ်မိပြန်တယ်
ဒီအရွယ်ရောက်မှ ဒီလောက်ဖြစ်နေရသလား
ခွင့်လွှတ်ပါ ဝေးဝေးတစ်ခါ မိုက်မဲတာ အကျင့်ပါနေလို့
နေမြင့်လေ အရူးရင့်လေနဲ့တူပါရဲ့
အရာအားလုံးကို ခြောက်သွေ့စေသော ဒီမြို့မှာ
မင်းမရှိမှတော့ ငါဘယ်လိုနေရမလဲ။
ချစ်ချင်လို့ ချစ်နေတာမဟုတ်ရပါဘူး အားနာတတ်တယ်၊ နားလည်တတ်တယ်
ကိုယ့်ကြောင့်ကျကွဲသွားမှာစိုးစိတ်နဲ့ ဖန်ခွက်တွေတောင် မ၀ယ်ခဲ့သူပါ
အလှကြည့်ခဲ့တဲ့ အိပ်မက်တွေကတော့ အစိတ်စိတ် အမွှာမွှာ
အရင်ကတော့ အိပ်မရလို့ မင်းအကြောင်းတွေးတယ်
ခုတော့ မင်းအကြောင်းတွေးလို့ အိပ်မရဘူး
ဥာဏ်မမှီလို့ မေးပါရစေ
မင်းမရှိမှတော့ ငါဘယ်လိုနေရမလဲ။
သဘောတူတူ မတူတူ စက္ကန့်တွေကတော့ ကုန်ဆုံးသွားမယ်
ဒီလိုပါပဲ အမြဲနောက်ကျတတ်ပေမဲ့ ဒီရာသီမှာ ဒီပန်းကတော့ပွင့်မယ်
ကြက်ခြေခတ်ထားသော မင်းတံခါးဝမှာ
တမင်သက်သက် ခြွေချခဲ့တဲ့ ငါ့သီချင်းလည်း လေစိမ်းမိနေရှာ
မင်းက ငါ့ဘ၀ရဲ့ တစ်ဝက်တိတိ
ဒါပေမယ့် မင်းမရှိရင် ငါ့ဘ၀မှာ ဘာမှ မကျန်ဘူး
ဘယ်မှာလဲ
မင်းဘယ်မှာလဲ
မင်းမရှိမှတော့ ငါဘယ်လိုနေရမလဲ။ ။
ငယ်ငယ်လေး။