နွေးနွေးထွေးထွေးနဲ့ ကွေးအိပ်လျက်သားလေး နိုးလာတာကို ကိုယ့်ဘာသာသဘောကျနေမိသည်။ နံဘေးနားလက်စမ်းလိုက်တော့ မရှိတော့။ အော်… ရှမ်းပြည်ပြန်ရောက်တော့လဲ ရှမ်းပီသနေလိုက်တာ မီးဖိုထဲမှ သီချင်းသံသဲ့သဲ့ကြားသည်။ အင်း… ငါ့ကို သီချင်းဆိုသလိုလိုနဲ့ ထလာအောင် နှိုးနေသလားမသိဟု တွေးမိသည်။ နာရီလက်တံတွေက ၇နာရီ ၁၅မိနစ်၊ ခန်းဆီးအထူစကို ဆွဲယူလိုက်သည်နှင့် အလင်းရောင်က ဇာခန်းဆီးကို ထိုးဖောက်လာသည်။ ဘယ်လောက်အိပ်ချင်ဟန်ဆောင်နေနေ နေလုံးကြီးကတော့ အချိန်တန်ထွက်လာတာပဲ။ ဘယ်လောက်မုန်းစရာကောင်းလိုက်သလဲ။ ဇာခန်းဆီးကိုပါ ဆွဲဖယ်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်သည်။ နေရောင်က မျက်နှာပေါ်နွေးကနဲ။ အရှေ့ကမ္ဘာခြမ်းမှာ မနက်လင်းပြီ။
မနက်လင်းတုန်းလား ညမှောင်တုန်းလား ဘယ်နေရာမှာလဲ ဘယ်အချိန်မှာလဲ ဘယ်သူနဲ့လဲ ဘယ်လိုလဲ မေးခွန်းတွေက ဒိုးယိုပေါက် ရေပိုက်လုံးတွေလို ဦးနှောက်ထဲစီရီနေသည်။ ဟိုဖက်ခြမ်းမှာတော့ သိချင်လိုက်တာနဲ့ သိရမှာကြောက်လိုက်တာဆိုတာတွေ ပူးတွဲထပ်နေတာသိတော့ အခန်းတခန်းထဲ ချောင်းမြောင်းကြည့်လိုက်တုန်း မှန်ကြီးတချပ်မှာ ကိုယ့်မျက်နှာကိုယ်ပြန်မြင်သလို ထိတ်ခနဲ။ တကယ်တော့ သေခြင်းတရားဆိုတာကို ငါကရှာဖွေခဲ့တာ။ မတရားပါဘူး။ အမှတ်တမဲ့ တွေ့ရှိမှုတွေထဲမှာ အားရဖို့အကောင်းဆုံးက သေခြင်းပဲဖြစ်လိမ့်မည်။ အဲဒီ အားရ၀မ်းသာတွေ့ရှိချက်ဆိုတာကလဲ စိတ်မရှည်နိုင်လောက်စရာ ဝေးကွာလွန်းလှသည်။
“မင်းသမီး ရွှေမျက်နှာသစ်တော်မူပါ”
နှစ်ပေါင်းများစွာ တအိပ်ရာထဲအိပ်လာသူကို နံမည်မမှတ်မိတဲ့ ငယ်သူငယ်ချင်းတယောက်ကို ရင်ဆိုင်တွေ့သလို ကြောင်အမ်းကြည့်နေမိသည်။
“အော်… ဘွဲ့တော်မှားယွင်းခေါ်မိတယ်။ ဘုရင်မကြီး မနက်စာသုံးဆောင်ဖို့ ပြင်ဆင်ပြီးကြောင်းပါ မမဖုရား”
“ကောင်းလေစွ မနက်စာကို ရွှေသရဖီပင်အောက် မီးပုံနံဘေး သုံးဆောင်လိုတယ် မောင်တော်”
“ဘာမီးပုံတုန်း နေထွက်နေပြီ ချီသွားရမလား”
“ကောင်းသားပဲ”
သရဖီပန်းတွေပေါ် ပျားတွေတ၀ီဝီဖြင့် အလုအယက်နားနေကြသည်။ တနေရာမှာ ဖူးတုန်းပွင့်တုန်း၊ တခြားတနေရာမှာ ကြွေလိုက် လွင့်လိုက်…။
“ယောကမကြီးကို ပန်းတွေသွားပို့လိုက်ဦးမယ် ကလေးနိုးလာအောင်စောင့်နေတာ”
“သွားလေ ကောက်ညှင်းပေါင်းသွားယူမှာများ ပန်းကိုဗန်းပြနေသေးတယ်။ ကားနဲ့သွားပါလားဟင်”
လမ်းထိပ်က 7/11ကိုပင် ကားမောင်သွားတတ်သည့် အကျင့်ကို ကြုံတိုင်းခနဲ့သည်။ သူကလဲ အပြောခံရတိုင်း တဟားဟားလုပ်နေရသည်။
မော်တော်ကားတစင်းရဲ့ အမြန်နှုန်းကို နှလုံးခုန်သံနဲ့အပြိုင် မြှင့်ချင်သူတွေအကြောင်း မတွေးချင်ပဲ ခေါင်းထဲရောက်လာသည်။ ဖြစ်သွားတဲ့အချိန်မှာ သေချာတာကတော့ ပြိုင်ကားတစီးစီးပေါ်မှာဖြစ်မည်။ သူစုဆောင်းထားတဲ့ ပြိုင်ကားတွေစုံအောင် သူစီးသွားပါရဲ့လား။ အရှိန်အဟုန်နဲ့ ခရီးသွားချင်သူ။ ၀ူးကနဲ မောင်းထွက်သွားတာကို လူတွေငေးကျန်ခဲ့တာကို သာယာတပ်မက်သူတွေကို သူမတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တက်ညီလက်ညီ faggot တွေလို့ နံမည်ပေးထားသည်။ ကိုယ့်အတွေးကိုယ် ပြန်အားနာသွားပြန်သည်။ သေသွားတဲ့လူတယောက်အကြောင်း မကောင်းမတွေးကောင်းဘူးထင်တယ်။ အို… ဘယ်သူဘာလုပ်သင့်တယ် ဘာတော့ဖြင့်မလုပ်ကောင်းဘူးလို့ ဘယ်လိုလူတွေက စည်းကမ်းကလနားချနိုင်လို့တုန်း။ ကိုယ့်ဘာသာ ဘာတွေးတွေးပေါ့။
“မငယ် ဖုန်းလာနေတယ်”
“ပေး… ဟုတ်ကဲ့ ပြောပါ”
နံပါတ်ကို လှမ်းမြင်လိုက်လျက်နဲ့ ဟုတ်ကဲ့ ပြောပါလုပ်လိုက်ရတာကို ကိုယ့်ဘာသာကျေနပ်နေသည်။
“အော် အမေလား။ ကိုကိုက အမေ့အိမ်ကို ပန်းသွားပို့တယ် ပြန်လာရင် ရေကန်ကိုပြီးအောင်တူးမယ်ပြောနေတယ် အိမ်ပေါ်တက်လာမှမဟုတ်ဘူး”
နံဘေးမှာရပ်နေသည့် ကောင်မလေးက ပြူးပြီးကြည့်နေသည်။ ဒီလောက်ကြီးတဲ့ကန်ကို ကိုယ့်ယောက်ျားတယောက်ထဲတူးနေတာများ ယောက္ခမကိုကြွားနေရအောင် မိုက်မဲသလားဟု မေးချင်ပုံရသည်။ ငယ်ငယ်တုန်းက သူသိပ်လိုချင်တဲ့ လှေလှော်ဖို့ကန်ကြီးတဲ့ ရအောင် အားကြိုးမာန်တက်ငယ်အိပ်မက်နောက်လိုက်နေတဲ့ ယောက်ျားတယောက်ကို ကန့်ကွက်စရာအကြောင်းမရှိချေ။ ဘာအိပ်မက်များရှိသေးပါလိမ့်။ အားမာန်အပြည့် အမြဲလုပ်ချင်တာတွေ တတွတ်တွတ်ပြောနေတတ်တဲ့ ယောက်ျားကို ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ အူကြောင်ကြောင်မိန်းမ ဖြစ်နေပါပေါ့လား။ အားကျလိုက်တာလို့ တွေးမိပြီး နှစ်ယောက်တဘ၀ဆိုတာကို သိပ်မယုံချင်သလို ဖြစ်လာသည်။
ဘေးက ပြူးနားထောင်နေသည့် ကောင်မလေးကိုမြင်တော့ အမေ့ကိုသတိရသည်။ အမေ့မှာ ဒီလို ယောက္ခမဖုန်း ဆီးကြိုပြောစရာမရှိ ဒါပေမယ့် လင်မယားစကားများရင် နီးနီးနားနားမှာ နားထောင်နေမည့် ဒီလိုကောင်မလေးတွေ ရှိနေလိမ့်မည်။ သိက္ခာဆိုတဲ့ ဧရာမ၀န်ထုပ်ဝန်ပိုးကြီးကို ကျားကန်ပြီး သားသမီးတွေ တယောက်ပြီး တယောက်ထွက်ခွာသွားမည်ကို သိသိကြီးနဲ့ အိမ်ဆိုတာကြီးကို ပုံအောပျိုးထောင်နေလိမ့်မည်။ လိုတမျိုး မလိုတမျိုး ယောင်းမတွေကိုလဲ ကြားကောင်းအောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မောဟိုက်စွာဧည့်ဝတ်ပြုနေခဲ့လိမ့်မည်။ အားလုံးပြီးသွားပြီဆိုပေမယ့် စိတ်ဆိုတာက ရှေ့ကိုချည်းပဲ ချီတက်သွားတတ်တာမျိုးမှ မဟုတ်ပဲလေ။ တချို့တွေက နှစ်ကာလအနည်းငယ်ကိုပဲ ထပ်တလဲလဲနေထိုင်တယ်မဟုတ်လား။ အမေကရော ဘယ်အချိန်ကာလမှာနေသလဲ မမေးကြည့်မိချေ။
“မနက်က ဘာစားသွားလဲတောင် မသိပါဘူး ဘာမှမစားရသေးဘူးထင်တယ် ချက်ပြုတ်နေသံကြားတာပဲ။ သမီးတော့အခု မနက်စာ စားနေတယ်အမေ”
ပလီစိချောက်ချက်လို့ ဆိုနိုင်သည့်စကားတွေကို လျှောက်ပြောပြီး မုန်းဆေးဖော်နေမိသည်။ ယောကမနဲ့ ချွေးမဆိုတာ အမြဲအလိုက်အထိုက် ဖြစ်နေဖို့မလိုပါ။ ဒါမှ သဘာဝကျသည်။ ပြီးတော့ ဒီလိုဝမ်းသာအားရ ခံစားနေရတာကို ပျင်းလာပြန်သည်။ ဒီလိုပဲ ဘယ်လောက်စိတ်ကျေနပ်မှုရရ ငါဟာရုတ်တရက်ငြီးငွေ့လာတော့တာပဲ လို့တွေးရင်း ဒေါသထွက်လာသည်။ လူတယောက်မဟုတ် တယောက်စိတ်ကျေနပ်အောင် ငါနေနေရတာပဲ။ စိတ်မချဘူး စိတ်ပူတယ် စိုးရိမ်တယ် အို ဒါတွေက ငါ့ကိုချည်နှောင်တဲ့ကြိုးတွေပဲ။ တကယ်တော့ ကျေနပ်အောင်မှမဟုတ်ဘူး တယောက်ယောက် စိတ်ကသိကအောက်ဖြစ်အောင် ဒေါသထွက်အောင်လဲ နေခဲ့တာပဲ ရမ်းခဲ့တာပဲ။ ဒါတွေလဲ တခုမှ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မဟုတ်ဘူး ငါဟာ ဘာဖြစ်လို့ ဘာလေးတော့ဖြင့် လုပ်ချင်လိုက်တာရယ်လို့ မရှိရတာလဲ။ ဒီလောက်ငြီးငွေ့တတ်တဲ့စိတ်မျိုး မီးစာကုန်ဆီခန်းအသက်ကိုးဆယ်ကျော် နေသွားတဲ့ အဖွားတောင် ရှိတယ်လို့မပြောဖူးဘူး။ အေးစက်တဲ့ ရေခဲပြင်ထဲမှာ ပိတ်လှောင်မိနေတဲ့လူတယောက်က ခွေးအ တွေဝိုင်းလာမှာကို ၀မ်းသာအားရ တောင့်တမိသလို။ သေခြင်းတရားဆိုတာလဲ သော့တံပျောက်သွားတဲ့ သော့ခလောက်တလုံးကို ဖွင့်ရသလိုပဲ လက်ဝင်လိုက်ပါဘိနဲ့။ ကားတွေမှောက်တဲ့လူတွေရော ဘယ်လိုသေသလဲ။ ရုပ်ရှင်ထဲကလို ကားက ပေါက်ကွဲမီးလောင်သွားသလား။ သံတုံးသေးသေးလေးဖြစ်ပြီး ကြားညှပ်မိသွားတဲ့ကားထဲမှာလား … ။ တချို့တွေကလဲ အမှတ်တမဲ့လက်ဆော့ရင်း သေခြင်းတရားသော့ခလောက်ကို အပ်ကျမတ်ကျဖွင့်မိသွားတတ်တာမျိုး။
တဖက်ကငြိမ်ကျသွားတာကို အခွင့်ကောင်းယူပြီး နှုတ်ဆက်စကားဆိုလိုက်သည်။ ငါသာ ငါ့ယောက္ခမဆိုရင်လို့ တွေးမိပြီး အားနာသလိုလို။ ငါသာ ငါ့ယောက္ခမဆိုရင် ငါက ချွေးမ မဟုတ်တော့ဘူး ဒါဆို င့ါကိုယ်ငါ စာနာပါဦးမလား။ အို ကိုယ်ချင်းစာတရားဆိုတာ အင်မတန်ဂွတီးဂွကျနိုင်တဲ့ဟာပဲ။ ခြုံစောင်ကို ဆွဲဖယ်လိုက်ပြီး ဘာလို့အနက်ရောင်မဟုတ်ရတာလဲလို့ ဇဝေဇ၀ါဖြစ်ရပြန်သည်။ ပင်လယ်လို ကားတကားတော့ ဆွဲချင်သည် အနက်ရောင်များများ။ ဒါပေမယ့် ရှမ်းပြည်ရဲ့ အေးစက်မှုက မလုံလောက်ပါ။ တယောက်ထဲ ၂ရထပ်က တိုက်ခန်းသေးသေးလေးပေါ်မှာ တံခါးတွေပိတ်ပြီး နေစဉ်တုန်းကလိုဆိုရင်ဖြင့် ပင်လယ်တွေဆွဲဖြစ်ပါလိမ့်မည်။ အဲဒီကာလတွေက ထပ်ပြန်တလဲလဲနေထိုင်သော ကာလတွေမဟုတ်ခဲ့။ အေမီလဲ ၂၇နှစ်မှာ သေသွားတာပဲ ဒီအတွက်ပဲ ၂၇ဆိုတဲ့ ဂဏန်းကို ဘာမှအစွဲအလမ်းမထားချင်။ အေမီသေသွားတာကတော့ မတရားလွန်းရာ ကျပါတယ်။ ဒါပေမယ့် သေတယ်ဆိုတာကလဲ ဒီလောက်မတရားတဲ့လောကကြီးကို အနိုင်နဲ့ပိုင်းလိုက်ရတာပဲ။ ထွက်ခွာခြင်းက အရှုံးပေးတာလို့ ဘယ်သူပြောလဲ ကျန်နေခဲ့တာမှ ပိုးစိုးပက်စက်ရှုံးတာ။
စိတ်နာကျင်မှုကို ငါတပ်မက်နေသလားလို့ ဒွိဟဖြစ်နေသည့်အထဲမှ နာကျင်စရာတွေကို မေ့ဖျောက်လိုက်နိုင်စွမ်းက ပိုပိုတိုးလာတာကို သတိထားမိနေသည်။ အသက်ကြီးလာရင် ဒီလိုပဲနဲ့တူပါရဲ့။ ကိုကို့ကို မရလို့သတ်သေမည်ဆိုသော ကောင်မလေးရဲ့အမည်ကိုတောင် အမှတ်မရတော့ချေ။ နောက်ဆုံးတော့ သူလဲမသေ ဘယ်သူမှလဲမသေသော အဖြစ်ကိုသာ အူလှိုက်သည်းလှိုက်ရယ်ချင်မိသည်။ ၀တ္ထုတွေထဲမှာ အဓိကဇာတ်ဆောင် သေခါနီး အကယ်ဒမီမှန်းပြီးပြောသလို လူတွေဟာ စကားကို အက်တင်အပြည့်နဲ့ လျှောက်ပြီးပြောကြတာပဲ။ သေဖို့ဆိုတာ လွယ်သမှတ်လို့။ လူတွေလဲ ငပေါတွေဖြစ်ရတာပဲ အဖတ်တင်တယ်။ နဘေးကလူတွေ မေ့ကုန်သောအခါ ပေါတောတောကြီး ရှင်သန်နေထိုင်သွားတဲ့လူတွေလဲ ချော်လဲရောထိုင်လုပ်ပြီး မေ့ဟန်ဆောင်လိုက်ကြမည်သာဖြစ်သည်။ ကိုယ့်ဇာတ်ညွှန်း ကိုယ်မရေးရလို့ ကျိတ်ပြီး တောက်တခတ်ခတ်ဖြစ်နေသူတွေ များပါသည်
တကယ့်ဘ၀မပြောနှင့် ကိုယ့်အိပ်မက်ကိုပင် ကိုယ်တိုင်ဒါရိုက်တာလုပ်ခွင့်မရ။ ရှမ်းပြည်ပြန်ရောက်သည့်ညက အိပ်မက်ထဲမှာ အနက်ရောင် ဓါးမြှောင်တလက်ကို ကိုင်ထားသည်။ ဓါးအနှောင့်ဖက်တွင် သေသည်အထိခုခံကြ ဟု အဓိပါယ်ရသည့် ရှမ်းစာကိုကနုတ်ပန်းဖော်ထားသည်။ ကိန်းကြီးခမ်းကြီးနိုင်လှသည့် ဓါးမြှောင်ကို ကိုင်ပြီး ကိုယ့်ရင်ဝကိုယ် စိုက်ချလိုက်သည်။ ပြီးတော့ တအံ့တသြဖြစ်နေလိုက်သေးသည်။ ပိုအံ့သြရသည်က နိုးလာတော့ ကိုကို့လက်ကိုဆုပ်ကိုင်လျက်သား။ ဓါးမြှောင်အဟောင်းကြီးဟုပင် နှုတ်ဆက်လိုက်သေး၏။ ပြီးတော့ ဘယ်တော့မှစိုက်ချမလာမည့် ဓါးတလက်ကို စိတ်ပျက်လက်ပျက်ကြည့်သလို ငေးနေမိသည်။ သူသည် ဓါးတလက်ဖြစ်မည်ဆိုလျင်တောင် ငါ့လက်က ကိုယ့်ဘာသာကိုယ် ထိုးစိုက်ချရမည့်လက်တွေတဲ့ ဘယ်လောက်မတရားလိုက်သလဲ ဟုတွေးသည်။ အကန်းဆံလှသောလောကကြီးမှာ အကြောင်းတရားအားလုံး သက်သေမဲ့လွတ်မြောက်နေကြပြီး အကျိုးတရားတွေကိုသာ ထွေးပွေ့ထားကြရသည်။
ဖုန်းပေါ်က ရက်စွဲလေးကို အဓိပါယ်မပါသည့် ဂဏန်းတွဲတွေဟုပင် ထင်မိသည်။ ရှမ်းပြည်ဆိုတာ အချိန်ကာလဖြည်းဖြည်းပဲ ရွေ့လျားတဲ့နေရာဖြစ်သည်။ အချိန်ကာလတွေ အမြန်ကြီးအလင်းနှုန်းလိုဖြတ်နေသည့် ကမ္ဘာခြမ်းမှာနေသူတိုင်း ဒီဖက်ပြန်လာလည်တိုင်း ရက်စွဲတွေကို မယုံနိုင်သလိုဖြစ်မြဲပင်။ ရှမ်းပြည်မှာ ကလေးတွေကို စာလာသင်ချင်လှချည်ရဲ့ဆိုပြီး လူ့လောကရဲ့မလိုင်စည်းစိမ်တွေပေါ်ကနေ ထ မရပ်နိုင၊် ထ မရပ်ရဲသူကို သတိရသည်။ သူသေသွားချိန်မှာ ကလေးတွေကို စာသင်ဖို့ အမှတ်ရနေမည်မထင်ပေ။ တကယ်တော့ သူသည် လေယာဉ်လက်မှတ်ဝယ်လျှင်ပင် အသွားအပြန်ဝယ်တတ်သူဖြစ်သည်။ ပြန်မလာနိုင်သောလမ်းတွေအကြောင်း စဉ်းစားမိမှာကိုပင် မုန်းသူဖြစ်သည်။ လက်တွေ့ကျကျနေထိုင်သလိုလို ဟန်ဆောင်ရင်း စိတ်ကူးယဉ်ဘ၀ကို ဇွတ်ပုံသွင်းချင်သူဖြစ်သည်။ ဒီနှစ်တွေမှာ သူစာသင်ချင်စိတ် ရှိသေးသလား မသိပါ။ သူ့မှာ ထင်မြင်ချက်မပေးဖို့ ကြိုးစားရင်း တရားမျှတ တယ်လို့အထင်ခံရအောင် ပါးစပ်စေ့စေ့ပိတ်ထားတတ်တဲ့အကျင့် ရှိသေးသလားမသိပါ။ ဆယ်စုနှစ်တခုစာအတွင်း သူဘာတွေလုပ်ခဲ့ပြီလဲ ဘာတွေမလုပ်လိုက်ရဘူးလဲ စီးပွားရေးလုပ်ငန်းစု ဘယ်နှခုသိမ်းပိုက်လိုက်သလဲ ကားဘယ်နှစီးစုဆောင်းထားသလဲ ခွေးဘယ်နှကောင် ပွားများလာသလဲ မသိပါ။ သူသည် သေဖို့အသင့်ပြင်ဆင်ထားဟန်ပြရင်း ရှင်သန်မှုကို တပ်မက်သူဖြစ်နေသေးသလား၊ ရှင်သန်မှုကိုခံစားဖို့ အရှိန်တွေနောက်လိုက်နေဆဲလား၊ စာတကြောင်းရေးတာထက် သဒ္ဒါမှန်မမှန် စစ်တာကို အချိန်ပိုဖြုန်းနေဆဲလား မသိပါ။ တကယ်တော့ သူသည်လည်း ကိုယ့်ဇာတ်ညွှန်း ကိုယ်မရေးခဲ့သူဖြစ်သည်။ သူရေးခဲ့သမျှစာကြောင်းတွေကိုပင် Enter မခေါက်ခဲ့ရှာ။ လူတွေအထင်ကြီးဖို့ ပင်ပန်းတကြီးနေထိုင်ရင်း အမှတ်တမဲ့ ရထားတစင်းပေါ်တက်လိုက်မိသူဖြစ်သည်။ ထို့နောက် ပြန်မလာတော့။ တကယ့်ကို တိတိကျကျကြီး ပြန်မလာတော့။
သေခြင်းတရားသည် တခါတရံ ရန်ဖြစ်ထားသော အိမ်နီးချင်းနှင့်တူ၏။ နီးကပ်နေသည် သို့သော် အလည်မလာ။ ဘယ်လောက် ဖိတ်စာပို့ပို့ မျက်နှာပင်မပြချေ။ သေခြင်းတရား၏ ပိုရက်စက်တတ်သောအချက်ကား လာသည်ဖြစ်ဖြစ် မလာသည်ဖြစ်ဖြစ် ကြေကွဲစေတတ်ခြင်းကြောင့်ပင်ဖြစ်မည်။